ရန်ကုန်၊ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ရှားခဲရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းထိုးထားသော အောင်ဘာလေထီ သိန်း ၅၀၀၀ ဆုပေါက်သော်လည်း ဒုရဲအုပ်မျိုးမင်းဦးက ဆုကြေးငွေများကို အချိုးကျခွဲမပေးကြောင်း ဟင်္သာတ မြို့နယ်နှင့် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးများကို တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။
ဟင်္သာတမြို့နယ် ရှားခဲရဲကင်းစခန်းတွင် ရဲတပ်ကြပ်သက်ဦး၊ ရဲဒုတပ်ကြပ် ရန်နောင်ကြည်၊ ရဲတပ်သား ရန်နောင်စိုး၊ ရဲတပ်သား စိုးမိုးနိုင်၊ ရဲတပ်သား ထက်ဇော်ဟိန်း၊ ရဲတပ်သားသိုက်အောင်၊ ရဲတပ်ကြပ်ကြီး သန်းခိုင်၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးနှင့် ဒုရဲအုပ် မျိုးမင်းဦး တို့ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို ရှားခဲရဲကင်းစခန်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သက်သာရန်ပုံငွေအဖြစ် အောင်ဘာလေထီ လက်မှတ်များ ရောင်းချရာတွင် ရှားခဲရဲကင်းမှလစဥ် ငွေကျပ် ၄၀၀၀၀ ပုံမှန်ထီထိုးပေးရပြီး ထီဖိုးငွေကို တပ်ဖွဲ့ဝင် ၉ ဦးထဲမှ အရာရှိ ဒုရဲအုပ်မျိုးမင်းဦးက မပေးဆောင်ရဘဲ ကျန် ၈ ဦးသာ အချိုးကျ လစဉ် ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ၆၈ ကြိမ်မြောက်ဖွင့်လှစ်သော အောင်ဘာလေထီဆုကို ရှားခဲရဲကင်းမှ ရဲတပ်ဖွဲ့ဝင် ၈ ဦး စုပေါင်းထိုးထားသော ထီလက်မှတ် ၃၀ ထဲမှ ဃ ၅၄၃၁၄၀ နံပါတ်သည် သိန်း ၅၀၀၀ ဆုပေါက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထီဆုပေါက်ကြောင်းကို ဒုရဲအုပ်မျိုးမင်းဦးထံ ရဲတပ်ဖွဲ့ ၈ ဦးက သွားရောက်ပြောဆိုချိန်တွင် ထီလက်မှတ်သည် ၎င်းပိုင်ဆိုင်သောကြောင့် ဆုကြေး ငွေကျပ် သိန်း ၅၀၀၀ ကို မပေးနိုင်ကြောင်း ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ဆုကြေးငွေ ထုတ်ယူရန် ဒုရဲအုပ်မျိုးမင်းဦးသည် ရန်ကုန်သို့ သွားရောက်စဉ် စုပေါင်းထိုးထားသော ထီဖြစ်သောကြောင့် ဆုကြေးငွေ ထုတ်မရကြောင်း သိရှိရသည်။
ထို့ကြောင့် ငွေထုတ်ယူနိုင်ရန် ဒုရဲအုပ် မျိုးမင်းဦးက ထီပေါက်သူ တပ်ဖွဲ့ဝင် ၈ ဦးကို ဆုကြေးငွေ အချိုးကျ ထုတ်ပေးမည်ဟုဆိုကာ ကိုယ်စားလှယ် ထုတ်ခွင့်ရရှိရန် လက်မှတ်များကို Viber ဖြင့် ပို့ခိုင်းပြီး ဆုကြေးငွေများကို ထုတ်ယူသွားကြောင်း၊ ဆုငွေ ထုတ်ယူပြီး ဒုရဲအုပ် မျိုးမင်းဦး စခန်းသို့ ပြန်ရောက်လာစဉ်တွင် ရဲတပ်ကြပ်ကြီး ၁ ဦးကိုသာ ငွေကျပ် သိန်း ၅၀၀ ထုတ်ပေးပြီး ကျန်တပ်ဖွဲ့ဝင် ၇ ဦးကို တစ်ဦးလျှင် ငွေကျပ် ၁၉၅ သိန်းသာ ထုတ်ပေးကြောင်း သိရသည်။
ယင်းသို့ ခွဲပေးပေးမှုကို ကျေနပ်ခြင်းမရှိသော ရဲတပ်ဖွဲ့ဝင်များက အချိုးကျပြန်လည် ခွဲဝေပေးရန် ဒုရဲအုပ် မျိုးမင်းဦးကို ပြော ဆိုခဲ့သော်လည်း ခွဲမပေးနိုင်ကြောင်း ပြောဆိုပြီး ကြိုက်သည့် နေရာကို တိုင်ကြားနိုင်ကြောင်းသာ ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သန်းကျော်ဌေးကို သွားရောက် တိုင်ကြားခဲ့သော်လည်း လက်ရှိချိန် မဖြေရှင်းပေးသေးကြောင်း သိရှိရသည်။
