အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်-မြန်မာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အသင်း အမြန်ဖွဲ့စည်းခိုင်းနေပြီး တရုတ်နွယ်ဖွား လုပ်ငန်းရှင်များကို ဦးစားပေး ဖိတ်ခေါ်နေကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပိုမိုတိုးတက် အဆင်ပြေချောမွေ့လာစေရန်၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများ ပိုမို တိုးပွားလာစေရန်အတွက် မြန်မာ-တရုတ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အသင်း (Myanmar-China Trade and Investment Promotion Association- MCTIP) ကို မြန်မာနိုင်ငံမှ ကုမ္ပဏီများ နှင့် တရုတ်နိုင်ငံမှ တရုတ်အစိုးရပိုင် ကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီများတို့ဖြင့် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ တရုတ်နိုင်ငံသို့ မင်းအောင်လှိုင် သွားရောက် လည်ပတ်ပြီးနောက် တရုတ်နှင့်စီးပွားရေး လုပ်ရန် အလွန်စိတ်အားထက်သန်နေပြီး တရုတ်ကုမ္ပဏီများအတွက် အခွန်သက်သာခွင့်၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမည့် တရုတ်ကုမ္ပဏီများအတွက် သွင်းကုန်အထူးတင်သွင်းခွင့်များကို မင်းအောင်လှိုင်က ပေးအပ်မည်ဖြစ် ကြောင်း၊ အဆိုပါ အခွင့်အရေးများမှာ တရုတ်စီးပွားရေးကုမ္ပဏီများကိုသာ သီးသန့်ပေးမည်ဖြစ်ကြောင်း၊ တရုတ်ယွမ်ငွေနှင့်မြန်မာကျပ်ငွေ တိုက်ရိုက်ငွေလဲလှယ်မည့် ငွေကြေးလဲလှယ်ရေးစနစ်တစ်ရပ်ကိုလည်းထူထောင်မည်ဖြစ်ကြောင်း သိရှိရသည်။
“တရုတ်ကို ဖားလွန်း အောက်ကျို့လွန်းနေတော့ ပြည်တွင်းစီးပွါးရေး လုပ်ငန်းတွေမှာတောင် မြန်မာပြည်ဖွား တရုတ် လုပ်ငန်းရှင်တွေ နဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေအကြားမှာ အမြင်မကြည်လင်မှုတွေ၊ စိတ်ဝမ်းကွဲတာတွေ ဖြစ်လာကြပြီ။ တရုတ်လုပ်ငန်းရှင်တွေကို တိုင်းရင်းသား လုပ်ငန်းရှင်တွေက အမြင် မကြည်လင်တာတွေ ဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ။ UMFCCI မှာ ဥက္ကဌ ကိုအေးဝင်းကနေ CEC ၊ EC ၈၀ ရာခိုင်နှုန်းနီးပါးက တရုတ်အနွယ်တွေချည်းပဲ။ MIA အဖွဲ့မှာလည်း ဥက္ကဌ ကိုအေးထွန်းကနေ CEC ၊ EC တွေ ၈၅ ရာခိုင်နှုန်းနီးပါး တရုတ်အနွယ်တွေပဲ။ ပဲ မျိုးစုံ အသင်း ဥက္ကဌ ဦးအုန်းဆိုင် ၊ ဘုရင့် နောင်ကုန်စည်ဒိုင် ဥက္ကဌ ဦးခင်ဟန် ၊ စားသုံးဆီ အသင်းဥက္ကဌ ဦးအောင်ရွှေ အပါအဝင် စီပွားရေး အသင်းအဖွဲ့အားလုံး တရုတ် အနွယ်တွေပဲ ကြီးစိုးနေတာ။ စက်မှုဇုန် ဥက္ကဆိုသူတွေလည်း တရုတ်အနွယ်ဖွားတွေပဲ များတယ်။ ပြည်တွင်း စီးပွားရေး လုပ် ငန်းတွေမှာလည်း တရုတ်နွယ်ဖွား လုပ်ငန်းရှင်တွေက လူတွင်ကျယ်တွေ ဖြစ်နေရာကနေပြီးတော့ ပိုပြီး ထိပ်ဆုံးရောက်လာတော့မယ်” ဟု UMFCCI မှ စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က မကြာသေးမီ ရက်ပိုင်းအတွင်း တရုတ်သို့ ရောက်ရှိခဲ့စဉ် တရုတ်လုပ်ငန်းရှင်များနှင့် စီးပွားရေးကုမ္ပဏီများအနေဖြင့် မြန်မာ နိုင်ငံတွင် ယုံယုံကြည်ကြည် ရင်းနှီးမြုပ်နှံကြရန်၊ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ကုန်တွင်းပိုင်း ပင်လယ်ထွက်ပေါက်မရှိသည့် တောင်ပိုင်းပြည် နယ်များကို မြန်မာနိုင်ငံမှ တစ်ဆင့် ပင်လယ်ထွက်ပေါက် ပေးမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ- ကူမင်း ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှီသော အခွင့်အလမ်းများရှိကြောင်း ပြောဆိုခဲ့သည်။
မင်းအောင်လှိုင် လက်ရှိ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကျောက်ဖြူရေနက်ဆိပ် ကမ်း စီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းတို့ကို ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များ ယုံယုံကြည်ကြည်လာရောက် ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆို ဖိတ်ခေါ်ခဲ့သည်။




