25.6 C
Yangon

ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ပွဲစားက စစ်တပ်ထံ ရောင်းစားခဲ့သော စစ်မှုထမ်း တပ်သားသစ် ကိုရန်နိုင်လင်း သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ပွဲစားက အကြမ်းဖက် စစ်တပ်ထံ ရောင်းစားခဲ့သော စစ်မှုထမ်း တပ်သားသစ် ကိုရန်နိုင်လင်း သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းက ပြောဆိုသည်။

အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ကိုရန်နိုင်လင်း အပါအဝင် သူငယ်ချင်း ၅ ဦးသည် ငွေကျပ် ၇ သိန်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးမည်ဆိုသော ပေါင်မြို့နယ်မှ ပွဲစားဖြစ်သူ လင်းထက်ဆိုသူနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထိုသို့ ဆက်သွယ်ပြီးနောက် ပွဲစားက တစ်ဦးကို ၁၇ သိန်းပေးရမည်ဆိုသောကြောင့် ငွေကျပ် ၁၀ သိန်းစီ ထပ်မံပေးချေခဲ့ရကြောင်း သိရသည်။

ထို့နောက် ပွဲစားက ရန်နိုင်လင်း အပါအဝင် သူငယ်ချင်း ၅ ဦးကို မုတ္တမမြို့နယ်ရှိ ရောဘာခြံတစ်ခုကို ခေါ်ဆောင်သွားပြီး တစ်ညအိပ်ရန် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ ညအိပ်ပြီးနောက် နံနက် မိုင်းလင်းသော အခါ အရပ်ဝတ် ဝတ်ဆင်ထားသော စစ်သားများက ကိုရန်နိုင်လင်း အပါအဝင် သူငယ်ချင် ၅ ဦးကို ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားသစ် စုဆောင်းရေးကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ကိုရန်နိုင်လင်းကို အကြမ်းဖက် စစ်တပ်က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ စခတ ၇ သင်တန်းကျောင်းကို ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ စစ်သင်တန်း တက်ရောက်ပြီးနောက် ကိုရန်နိုင်လင်းကို အကြမ်းဖက် စစ်တပ်က သရက်ချောင်းမြို့နယ် ၄၀၅ တပ်ရင်းကို ပို့ဆောင်ခဲ့ပြီး မြေပြင် စစ်ကြောင်းထိုးရာတွင် လိုက်ပါလာခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးစဉ်တွင်လည်း ကျေးရွာများကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များနှင့် ပစ္စည်းများကိုလည်း စိတ်ကြိုက် မီးရှို့ဖျက်ဆီးကြောင်း၊ စစ်မှုထမ်း တပ်သားသစ်များ ထိုသို့ လုပ်ဆောင်နေသည်များကို သွားရောက်ပြောဆိုလျှင် စစ်သားများက ဆဲဆိုရိုက်နှက်မှုများ လုပ်ဆောင်ကြောင်း သိရသည်။

ထိုသို့ စစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက် သည့် လုပ်ရပ်များကို မကြိုက်သောကြောင့် ကိုရန်နိုင်လင်းသည် စစ်တပ်စစ်ကြောင်းမှ ထွက်ပြေးလာကာ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်က ဘန်ကောက်တက်ဖို့ ဘန်ကောက်တက်ဖို့က ကျွန်တော်က ပွဲစားနဲ့ချိတ်လိုက်တာ ကျွန်တော်တို့ သူငယ်ချင်း ၅ ဦးပေါ့။ ဘန်ကောက်တက်မယ်ဆိုပြီးတော့ တစ်ယောက် ၇ သိန်း ပေးရတယ်။ နောက်ကျတော့ ပွဲစားက တစ်ယောက် ၁၀ သိန်း ထပ်ပေးရမယ်ဆိုလို့ ၁၇ သိန်းပေးခဲ့ရတယ်။ ပွဲစားက ကျွန်တော်တို့ကို မုတ္တမမြို့နယ်က ရောဘာခြံထဲမှာ တစ်ညသိပ်ပြီးတော့ နံနက်မိုးလင်းတော့ စစ်သားတွေ အရပ်ဝတ်တွေနဲ့ ကျွန်တော်တို့ကို လာခေါ်တယ်။ အဲ့ဒီပွဲစားက ကျွန်တော်တို့ကို ရောင်းသွားတာ စစ်တပ်ထဲကို ရောင်းစားသွားတာ ကျွန်တော်တို့လည်း မသိဘူး။ စစ်သားတွေခေါ်သွားတဲ့ တပ်သစ်စုဆောင်းရေးရောက်မှ ရောင်းစားခံရမှန်းသိလိုက်ရတာ” ဟု စစ်မှုထမ်း တပ်သားသစ် ရန်နိုင်လင်းက ပြောဆိုသည်။

အဆိုပါ စစ်မှုထမ်း တပ်သားသစ် ကိုရန်နိုင်လင်းသည် ဩဂုတ်လ ၂၀ ရက်နေ့တွင် သေနတ် ၁ လက်ယူဆောင်လာခဲ့ပြီး ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article