25.6 C
Yangon

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်က ကျေးရွာနေ အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာနေ အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်ကာ နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က စတင်ပြီး မလှိုင်မြို့နယ်ဘက်မှ ဝင်ရောက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲကာ ပြည်သူများကို ရွာထဲ၌ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ဗုံးခိုကျင်းထဲတွင် တွေ့မြင်ခဲ့သော အမျိုးသမီး ၁ ဦးနှင့် ထမင်းလာပို့သည့် အမျိုး သမီး ၁ ဦး အပါအဝင် ၃ ဦးကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ သတင်းရတာက စစ်ခွေးတွေက ရုံးစည်ကြီးရွာက အမျိုးသမီး ၃ ဦးကို အဓမ္မပြုကျင့်တယ်လို့ သိရတယ်။ ကျေးရွာထဲက အမျိုးသမီးတွေကို စစ်ခွေးတွေက အဓမ္မပြုကျင့်ခဲ့တာပါ။ တချို့တွေက စစ်ခွေးတွေလာတော့ မပြေးဘဲနဲ့ ရွာထဲက ဗုံးခိုကျင်းထဲမှာ တွေ့တဲ့ အမျိုးသမီး ၁ ဦးနဲ့ နောက်တစ်ဦးကတော့ စစ်ခွေးတွေက သူ့အမျိုးသားကို ဖမ်းဆီးစစ်ဆေးနေတုန်း ထမင်းသွားပို့တာကို အဓမ္မပြုကျင့်တာလို့ သိရတယ်။ စစ်ခွေးတွေက သူတို့ တပ်စွဲထားတဲ့ နေရာမှာရှိတဲ့ နေအိမ်ထဲက ပြည်သူတွေကို နေအိမ် အကျယ်ချုပ်ပုံစံမျိုးနဲ့ ဖမ်းထားတာ အပြင်ထွက်ရင် နေအိမ်တွေကို မီးရှို့မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်ထားတယ်တဲ့ နောက်ပြီး ဖုန်းတွေလည်း သိမ်းထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရုံးစည်ကြီး-တောင်သာ အကြားရှိ ရထားသံလမ်းကူးအနီးတွင် ပျက်ကြနေသော မီးလိုင်းများကို ပြင်ဆင်ရန် ရောက်ရှိနေခြင်းဖြစ်ပြီး စစ်ကြောင်းတွင် EPC ဝန်ထမ်း ၇၀ ကျော်ခန့် ပါဝင်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်သားများသည် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရုံစည်ကြီးရွာ မြောက်ချိုင်းရပ်ကွက်ရှိပြည်သူပိုင် နေအိမ်များကို မီးရှို့ခြင်း၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နိဗ္ဗူတာရပ်ကွက်ရှိ ပြည်သူပိုင် နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်သားများက ပန်းပေါင်းလမ်းဆုံ ဂိတ်ကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရုံးစည်ကြီးရွာ၌ ၁၂၀ မမ လက်နက်ကြီးများ အထိုင်ချပြီး အနောက်မြောက်ဘက်သို့ နေ့စဉ် ပစ်ခတ်နေကြောင်း သိရသည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article