26.1 C
Yangon

စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်မြင့်လာပြီးနောက် လှိုင်သာယာ၊ လှည်းကူး၊ တိုက်ကြီးနှင့်မြဝတီမြို့နယ်တွင် စိတ်ရောဂါဝေဒနာရှင် ၁ ဦးအပါအဝင် လူငယ်အမျိုးသား ၄ ဦး ပျောက် ဆုံးနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၅

အကြမ်းဖက် စစ်တပ်က နိုင်ငံတစ်ဝန်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ အရှိန်မြင့်လာပြီးနောက် လှိုင်သာယာ၊ လှည်းကူး၊ တိုက်ကြီးနှင့်မြဝတီမြို့နယ်တွင် စိတ်ရောဂါဝေဒနာရှင် ၁ ဦးအပါအဝင် လူငယ်အမျိုးသား ၄ ဦး ပျောက် ဆုံးနေကြောင်း မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းရပ်ကွက်၊ ရွှေဘုံသာ ၂ လမ်းတွင် အသက် ၄၈ နှစ် အ ရွယ် စိတ်မနှံ့သူ အမျိုးသား ၁ ဦးသည် ယခုရက်ပိုင်းအတွင်း ပျောက်ဆုံးနေကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီခန့်က လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းရပ်ကွက်၊ ရွှေဘုံသာ ၂ လမ်းတွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် ဦးစောစောအေးသည် နေအိမ်မှ ရှေ့ ကားပေါ်၌ အိပ် နေသည်ဟု ဆိုကာ ပစ်ထားမိရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျောက်သွားသူ ဦးစောစောအေးသည် ပဲခူးတိုင်းမှ ဖြစ်ပြီး အရက်ဖြတ် လိုက်ပြီးနောက် ခန္ဓာကိုယ်အားနည်းကာ စိတ်မတည်မငြိမ် ရောဂါဝေဒနာခံ စားနေရသော ကြောင့် ဆေးကုသ ပေးရန် ရန်ကုန်မြို့ခေါ်ဆောင်လာစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲဒီနေ့က မနက်ပိုင်း ကားပေါ်မှာ အိပ်နေတာ၊ အိပ်နေတယ်ပဲထင်ပြီး အိမ်ရှေ့မှာပဲ ထားထားတာက နေ သွားကြည့်လိုက်တော့ မတွေ့တော့ဘူး။ အဲဒီကနေ ပျောက်သွားတာပဲ၊ သူက စိတ်က သိပ်မနှံ့ ဘူး။ အနီးပတ်ကျင်ကို လိုက်ရှာတယ်မတွေ့တော့ဘူး။ ရဲစခန်းရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရော အကြောင်းကြားထားတယ်။ ဒီကြားထဲမှာတော့ ဆက်သွယ်လာတာမျိုးမရှိဘူး။ ဘယ်သူမှလည်း ဆက်သွယ် မလာဘူး။ အသက် ၄၈ နှစ်၊ စောစောအေးပါ။ သူကနယ်ကနေတက်လာတာ၊ သူက နေမကောင်းလို့ ဆေးကုပေးမယ်ဆိုပြီးခေါ်လာတာ၊ ခေါ်လာရင်းနဲ့ပျောက်သွားတာ၊ အဲဒီနေ့က ဆေးခန်းတစ်ခုမှပြပြီး အားဆေးလေးတစ်လုံးသွင်းထားတယ်။ နောက်ရက်ကို ဆေးခန်းသွားပြဖို့ ဆိုပြီးတော့ စီစဉ်နေတဲ့အချိန်ပျောက်သွားတာ၊ သူက အရက်သောက်လို့လေ။ အရက်သောက်လို့ သူ့ကို ဖြတ်ခိုင်းတော့ ဖြတ်လိုက်ရာကနေ အားနည်းပြီးတော့ စိတ်ကလည်းကြောင်ချင်သလိုဖြစ် သွားတာ။” ဟု မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာတွင် အသက် ၂၇ နှစ်အရွယ် အမျိုး သားတစ်ဦး ပျောက်ဆုံးသွားပြီး ၂ လကျော်ကြာသည်အထိ ပြန်တွေ့ရှိခြင်းမရှိသေးကြောင်း မိသားစု ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၄ ရက် နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာရှိ နေအိမ်မှ အဝတ်တထည် ကိုယ်တစ်ခုဖြင့် ထွက်သွားသော အသက် ၂၇ နှစ်အရွယ် ကိုစည်သူမင်းဝေသည် ယခုအချိန်အထိ ၂ လ ကျော်ကြာသော်လည်း နေအိမ်သို့ ပြန်လည်ခြင်းမရှိသလို ပြန်လည်ဆက်သွယ်ခြင်းမရှိဘဲ ပျောက် ဆုံးနေကြောင်း သိရသည်။

“ပျောက်တာကကြာပြီ၊ အခုဆိုရင် ၂ ကျော်ပြီ။ ၇ လပိုင်း ၁၄ ရက်နေ့က ပျောက်သွားတာ၊ ဇူလိုင်လ ၁၄ ရက်နေ့က အခုထိ အိမ်ကို ပြန်ရောက်မလာတော့တာ၊ ဒီကြားထဲမှာ ဘယ်လိုမှအဆက်အသွယ် မရဘူး။ ကြားထဲမှာတော့ ဖုန်းဆက်ပြီး ဘယ်လိုခေါ်သွားပြီ။ ဘယ်တပ်ထဲမှာရောက်နေပြီ၊ ပိုက်ဆံ လွှဲပါ၊ အဲလိုမျိုးတွေတော့ ဆက်သွယ်လာတာရှိတယ်။ ကျမတို့ကရွေးမယ်၊နေရာအတိအကျပြော လိုက်ခဲ့မယ်၊ ဘယ်လိုအန္တရာများများပေါ့နော်၊ အဲလိုကျလည်း မပြောဘူး။ ပြီးတော့ ပျောက်သွားတဲ့ သူမှာက ဘာမှ မပါသွားတာ။ အဝတ်တထည်ကိုယ်တစ်ခုနဲ့ပျောက်သွားတာ။ အဝတ်အစားအပိုလည်း ယူမသွားသလို ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေဘာမှ မပါသွားဘူး။” ဟု ကိုစည်သူမင်းဝေ၏ မိသားစုဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အလုပ်လုပ်နေသူ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက် ဆုံးနေပြီး ၁ လကျော်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၃၁ ရက်နေ့က မြဝတီမြို့၌ အလုပ်လုပ်နေသူ အသက် ၂၉ နှစ်အရွယ် မောင်ဇေယျာမောင် မောင် သည် မိသားစုထံပြန်မည်ဟုဆိုကာ ဆိုင်ကယ်ကယ်ရီးငှားစီးပြီးနောက် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း၊ ထိုသို့ ပျောက်ဆုံးသွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခလရ ၁၃၅ တပ်ရင်းကဟုဆိုကာ ငွေကြေးတောင်းခံမှုရှိခဲ့ကြောင်း သိရသည်။

“၇ လပိုင်း ၃၁ ရက်နေ့က ပျောက်သွားတာ၊ ၃၀ ရက်နေ့အထိ အဆက်အသွယ်ရတယ်။ ၃၁ ရက်နေ့ ကျ မှ အဆက်အသွယ်မရပဲနဲ့ ပျောက်သွားတာ အခုချိန်အထိပေါ့၊ မြဝတီကိုရောက်တယ်။ သူ့ညီဆီမှာ အလုပ် ၆ ရက်လောက်သွားလုပ်လိုက် သေးတယ်။ ၆ ရက်လုပ်ပြီးတော့မှ ပြန်ဆင်းလာတယ်ဆိုပြီး ဆိုင်ကယ် ကယ်ရီသမားကတော့ ပြောတယ်။ စုံစမ်းကြည့်ရသလောက်ပေါ့၊ ပြန်မယ်ဆိုပြီး ပြောသွား တာ တဲ့၊ ပြောသွားပြီးတော့ ဘာအဆက်အသွယ်မှ မရတာ။ ပြန်ဆင်းတယ်ဆိုတာကတော့ သူနဲ့အ ဆက်အသွယ်ရတာတော့ မဟုတ်ဘူး။ သူ့ကို လိုက်ပို့တဲ့ ဆိုင်ကယ် ကယ်ရီသမားကို စုံစမ်းကြည့်တာ၊ ဒီကြားထဲအဆက်အသွယ် လုံးဝ မရဘူး။ ဟိုတလောက တပ်ရင်းက ဘာညာနဲ့ လိုက်လိမ်တဲ့သူတော့ ဖုန်းဆက်တယ်။ ဘယ်တပ်ရင်းက ဘာ ညာနဲ့ ပြောတယ်၊ ဒါပေမယ့် ကျမတို့ ဦးလေးတွေက အဲဒီ ဘက် မှာ ကျွမ်းတယ်ဆိုတော့ သူက ကော့ကရိတ်ဘက်ကတဲ့၊ တပ်ရင်းက တော့ရှိတယ်၊ မြဝတီက မဟုတ်ဘူးတဲ့၊ တပ်ရင်းက ခလရ ၁၃၅ ၊ အဲဒီ တပ်ရင်းက မြဝတီမှာမဟုတ်ဘူး။ ကော့ကရိတ်မှာ ရှိ တာဆိုပြီး လိုက်စုံစမ်းကြည့်တော့ သိရတာ၊ အဲဒီ တပ်ရင်းအထိတော့ လိုက်မကြည့်ဘူး။ ‌ညီမတို့နေ တာ က ဧရာဝတီတိုင်း၊ ဖျာပုံမှာဆိုတော့ လိုက်မကြည့်ဖြစ်ဘူး။” ဟု ကိုဇေယျာမောင်မောင်၏ မိသား စုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အတူ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်း၊တိုက်ကြီးမြို့နယ် ချောင်သုံးခွအုပ်စု လှည်းလမ်းကူးရွာနေ ဦးအောင်မျိုးသိုက်၏သားဖြစ်သူ ၈ တန်းကျောင်းသား စောနိုဘယ်‌အောင်သည် နေအိမ်မှ ပျောက်ဆုံးသွားကြောင်း မိသားစုက လူမှုကွန်ရက်မှတစ်ဆင့် အကူအညီတောင်းခံထားသည်။

အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၁၄ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၁၇ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်အများအပြား စစ်တပ်အတွင်းသို့ အတင်းအကျပ် ပို့ဆောင်ခံခဲ့ရကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိသားစုဆွေမျိုးများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article