ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူ ၅ ဦး ဝေစုမတည့်ဘဲ စကားများ ရန်ဖြစ်ရာမှ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပုသိမ်မြို့၊ ကမ်းနားလမ်း သင်္ဘောဆိပ်တွင် မြို့ပေါ်သို့ လာရောက်သည့် ကရင်လေးဆိုသော လူငယ် ၁ ဦးသည် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံ ရောင်းစားခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းစားရာမှ ရရှိသော ငွေကြေးကို ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ငဝန်ကျွန်းသာ ၈ လမ်းရှိ မူကြိုကျောင်းရှေ့တွင် ဆိုင်ကယ် တက္ကစီမောင်းသူ ကတုံး အပါအဝင် လူ ၅ ဦးက ဝေစုခွဲနေစဉ် အဝေမတည့်ဘဲ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းသို့ စကားများ ရန်ဖြစ်ရာတွင် ကတုံးဆိုသူကို ကျန်လူ ၄ ဦးက ဓားဖြင့် ဝိုင်းထိုးခဲ့သောကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထို လူသတ်မှု ကျူးလွန်သူများထဲတွင် ပုသိမ်မြို့ ငဝန်ကျွန်းသာ ၈ လမ်းတွင် နေထိုင်သော ဝတုတ်ဆိုသူလည်း ပါဝင်ပြီး ၎င်း၏ ဦးလေးဖြစ်သူသည် အကြမ်းဖက် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော စစ်သား ၁ ဦးဖြစ်ကြောင်း သိရသည်။
ရန်ပွဲအတွင်း သေဆုံးခဲ့သော ကတုံးဆိုသူသည် မိုက်ရိုင်းဆိုးသွမ်းသူ တစ်ဦးဖြစ်ပြီး ပုသိမ်မြို့ အမှတ် ၁ ကမ်းနားလမ်းတွင် နေထိုင်ကာ ဆိုင်ကယ်တက္ကစီဆွဲနေသူဖြစ်ကြောင်း၊ ထို့ပြင် ကတုံးသည် လိမ်လည်မှု လုယက်မှုများဖြင့် မကြာခဏထောင်ကျဖူးသူဖြစ်ပြီး ကမ်းနားလမ်းတွင် အုပ်စုဖွဲ့၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ အကြမ်းဖက် စစ်တပ်ထံ ရောင်းစားနေသူဖြစ်ကြောင်း သိရှိရသည်။
“လူငယ် ၁ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်ထံကို ရောင်းစားလို့ ရတဲ့ ငွေကြေးကို ဝေစုခွဲရာကနေ ရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားတာလို့သိရတယ်။ ကတုံးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ကျန် ၄ ဦးကတော့ ထွက်ပြေး လွတ်မြောက်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
