33 C
Yangon

လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်က အများပြည်သူပိုင် နေအိမ်အတွင်း ဝင်ရောက်၍ သက်ကြီးရွယ်အို ၃ ဦးကို လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်

Must read

ရန်ကုန်၊ ဇွန် ၂၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေးရွာနှင့် ဂေါ့အင်းကျေးရွာရှိ အပြစ်မဲ့ သက်ကြီးရွယ်အိုသုံးဦးကို ယမန်နေ့ ဇွန်လ ၂၆ ရက် ညပိုင်းတွင် အကြမ်းဖက်စစ်တပ်က လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ်အတွင်း ဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများကို ခိုးယူသွားကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ထံမှ သိရှိရသည်။

ဇွန်လ ၂၆ ရက် ည ၁၁ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်သည် ကဒက်ကြီးကျေးရွာရှိ အများပြည်သူပိုင် နေအိမ် ၅ လုံးကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး အသက် ၆၀ ကျော်အရွယ်ရှိ ဦးသောင်းဝင်းနှင့် ဒေါ်ဝင်းအေးတို့ကို လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်း၊ ဝမ်းဗိုက်များကို အနီးကပ် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် နေအိမ်များကို ဝင်ရောက်စီးနင်းရာတွင် နေအိမ်ရှိ ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့သည့်အပြင် တန်ဖိုးကြီးပစ္စည်းအချို့နှင့် ပိုက်ဆံအချို့ကိုလည်း မတရားယူဆောင်သွားခဲ့သည်ဟု DMSC -Dawei က သတင်းထုတ်ပြန်သည်။

အလားတူ ဂေါ့အင်းကျေးရွာနေ အသက် ၅၀ ကျော်အရွယ်ရှိ ဦးဆန်းဝင်းကိုလည်း ၎င်း၏နေအိမ်အရှေ့တွင် အနီးကပ် ပစ်ခတ်ပြီး နေအိမ်တွင်းရှိ ပိုက်ဆံ၊ ရွှေထည့်အချို့နှင့် ဆိုင်ကယ် ၁ စီးကို ပါ ခိုးယူသွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှုများကို လောင်းလုံးမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များ(စရဖ)၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပန္ဒလဲကျေးရွာတွင် စခန်းချထားသည့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၁၀ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့ပြည်သူ ၆ ဦးကို ပစ်ခတ်သတ်ဖြတ်ထားကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ထုတ်ပြန်ထားသည်။

Photo – DMSC – Dawei

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article