ရန်ကုန်၊ စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလ ၁၅ ရက်တာအတွင်း တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ KNU တပ်မဟာ ၅ နယ်မြေတွင် အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်း တပ်တို့ တိုက်ပွဲ ၅၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း KNLA ဘက်မှလည်း အကြမ်းဖက် စစ်တပ်က အသုံးပြုနေသည့် အဆောက်အဦး ၁ လုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ယင်းထိတွေ့ တိုက်ပွဲများ အတွင်း KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များဘက်မှ ရဲဘော် တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ကလည်း ပြည်သူများ နေထိုင်သော ကျေးရွာများကို စက်တင်ဘာလ ၁၅ ရက်တာအတွင်း ဒရုန်းဖြင့် ၂ ကြိမ်၊ Jet-Fighter ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ်လအတွင်း ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA အမှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA အမှတ် ၅ တပ်မဟာဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် တချို့ရှိကြောင်း သိရသည်။


