အကြမ်းဖက်စစ်တပ်က လက်ရှိ ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရရှိပါက ကြားဖြတ်ရွေးကောက်ပွဲများ ဆက်တိုက်ပြုလုပ်သွားရန်ရှိပြီး အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း ကြံ့ခိုင်ရေးပါတီက အပြည့်အ၀ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ် ၅၆ ခု၊ မဲဆန္ဒနယ်အားဖြင့် ၁၂၁ နယ်ရှိကြောင်း၊ လတ်တလော လုံခြုံရေးအခြေအနေများအရ အဆိုပါ မြို့နယ်များနှင့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သေးသော်လည်း စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး ထိန်းချုပ်မှုများ လုပ်ဆောင်နေကြောင်း၊ ဆုံးရှုံးနယ်မြေများ ပြန်လည် ရရှိပြီးပါက လအနည်းငယ်အတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်ထားသည်ဟု သိရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။
“မြို့နယ် ၅၆ ခုမှာ အခု လောလောဆယ် လုံခြုံရေးအရ ရွေးကောက်ပွဲ မလုပ်နိုင်ပေမယ့် နယ်မြေစိုးမိုးမှု ပြန်ရရင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်သွားဖို့ရှိတယ်လို့ တပ်ဘက်က ပြောလာတာရှိတယ်။ ကြားဖြတ် ရွေးကောက်ပွဲက အစိုးရအဖွဲ့ဝင်တွေ ရွေးချယ်ပြီးသွားလို့ရှိရင် လစ်လပ်တဲ့ မဲဆန္ဒနယ်၊ နောက်တစ်ခါ နယ်မြေစိုးမိုးမှု ပိုရှိလာရင် ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မဲဆန္ဒနယ်တွေကို စုစည်းပြီး ကြားဖြတ် ရွေးကောက်ပွဲလုပ်မှာလို့ သိရတယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မြို့နယ် ၅၆ ခုရှိ လွှတ်တော်သုံးရပ် မဲဆန္ဒနယ် ၁၂၁ နယ်တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း စက်တင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရွေးကောက်ပွဲ မကျင်းပသည့် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့ပါဝင်ပြီး မြို့နယ်အားဖြင့် ကချင်ပြည်နယ်တွင် ၄ မြို့နယ်၊ ကယားပြည်နယ်တွင် ၃ မြို့နယ်၊ ချင်းပြည်နယ်တွင် ၄ မြို့ နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၀ မြို့နယ်၊ မကွေး တိုင်းတွင် ၅ မြို့နယ်၊ မန္တလေးတိုင်းတွင် ၃ မြို့နယ်၊ ရခိုင်ပြည်နယ်တွင် ၁၀ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၇ မြို့နယ် တို့ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာထားသည်။
