28.6 C
Yangon

နေပြည်တော်၊ စစ်ကိုင်းနှင့် ချင်းတို့တွင် အလုပ်မှ ပြန်လာစဉ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ၄ ဦး PDF ထံ အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အလုပ်မှ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ၄ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ငဖဲမြို့နယ် ကပစ ၁၄ ကို ပို့​ဆောင်ခံထားရသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း ထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်မှုထမ်း တပ်သား ၄ ဦးသည် နေပြည်တော်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့မှ ဖြစ်ပြီး အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကာ သင်တန်း တက်ရောက်ပြီးနောက် မိတ္ထီလာမြို့ အခြေစိုက် တပ်မ ၉၉ လက်​အောက်ခံ ခမရ ၁၁၃ တပ်ရင်းကို ရောက်ရှိခဲ့ကြောင်း၊ ထိုမှတဆင့် ငဖဲမြို့နယ် ကပစ ၁၄ ကို ပို့​ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

“သူတို့က ကပစ ၁၄ ကနေ ထွက်​ပြေးလာတာ အလင်းဝင်ရောက်လာတဲ့ သူတို့ ၄ ဦးစလုံးက စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁၂ ကပါ။ ၄ ဦးလုံးက စစ်သင်တန်း တက်ရောက်ခဲ့တဲ့ နေရာတွေလည်း မတူဘူး။ စစ်ကိုင်းတိုင်း၊ ​နေပြည်​​တော်နဲ့ ချင်းပြည်နယ်ကပါ။ သူတို့​တွေက မြို့ပေါ် အလုပ်သွားရင်း ​ပေါ်တာဆွဲခံရတာပါ။ သူတို့က မိသားစုတွေဆီ ပြန်ချင်တယ်​ပြောပါတယ်။ ကျနော်တို့ ကူညီ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။ ပေါ်တာဆွဲခံရတဲ့ လူငယ်​တွေ အကြမ်းဖက် စစ်တပ်က ထွက်​ပြေးကြပါ။ ထွက်​ပြေးရင်လည်း ​တော်လှန်​ရေးအဖွဲ့​တွေနဲ့ ချိတ်ဆက်ပါ။ ဒီအတိုင်းထွက်​ပြေးမယ်ဆိုရင်လည်း နယ်​မြေ အ​နေအထားကို မ​ပြေးခင် ကြိုတင်​လေ့လာပါ။ ဒါမှ လွတ်မြောက်နိုင်ပါလိမ့်မယ်။ နယ်​မြေအ​ကြောင်း သိရှိထားရင် ​ပြေးရတာ လွတ်​မြောက်နိုင်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ တပ်သားများ အ​နေဖြင့် ပြည်သူ့ထံ အလင်းဝင်​ရောက်လိုပါက တပ်ရင်းကို ဆက်သွယ်နိုင်​ကြောင်းနှင့် မိသားစုနှင့်ပြည်လည်ဆုံ​တွေနိုင်ရန် ကူညီ​ဆောင်ရွက်​ပေးမည် ဖြစ်​ကြောင်း မင်းဘူးခရိုင် အမှတ်-၆တပ်ရင်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article