25.6 C
Yangon

မြန်မာတွင် တပ်ဆင်ထားသော တရုတ်အင်တာနက်ဆင်ဆာစနစ်က ပြည်သူများသာမက စစ်အုပ်စုဝင်များ၊ မဘသ ဆိုသူများနှင့် စစ်လော်ဘီများပါမကျန် ဒုက္ခရောက်စေမည်ဟု ကျွမ်းကျင်သူများဆို

Must read

ရန်ကုန်၊ စင်တင်ဘာ ၁၈

မြန်မာနိုင်ငံသားအားလုံး၏ အင်တာနက်သုံးစွဲမှုအချက်အလက် အသေးစိတ်ကို တရုတ်နိုင်ငံက ဝင်ရောက်ကြည်ရှု ခွဲခြမ်းစိတ်ဖြာ ထောက်လှမ်းနိုင်ကြောင်း နှင့် ၄င်းသည် မြန်မာပြည်သူတစ်ဦးချင်းစီကိုသာမက နိုင်ငံ၏ အချုပ်အခြာကို ဆိုးရွားစွာ ထိခိုက်စေကြောင်းကို အရပ်ဘက်အဖွဲ့များ၏ တွေ့ရှိထုတ်ပြန်ချက်များအပေါ် အခြေခံ၍ ရန်ကုန်ခေတ်သစ်က နည်းပညာကျွမ်းကျင်သူများကို မေးမြန်းကာ တင်ပြခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့သော အင်တာနက်၊ အေအိုင်၊ သတင်းအချက်အလက် နည်းပညာများက ကမ္ဘာကြီးကို လွှမ်းမိုးလာချိန်တွင် စစ်အုပ်စုက အင်တာနက်အသုံးပြုသူ မြန်မာပြည်သူအားလုံး၏ သုံးစွဲမှုဒေတာအချက်အလက်များကို တရုတ်အစိုးရနှင့် လွန်စွာနီးကပ်သော ဆက်ဆံရေးရှိသည့် နည်းပညာကုမ္ပဏီတစ်ခုအား အလုံးစုံ ထိန်းချုပ်ခွင့်ပေးလိုက်ခြင်းသည် စစ်အုပ်စုကို တော်လှန်သော တော်လှန်ပြည်သူများအတွက်သာမက ဗိုလ်မှုး ဗိုလ်ချုပ် အောက်ခြေစစ်သားပါမကျန် မြန်မာစစ်အုပ်စုတစ်ခုလုံးနှင့် မဘသ စစ်လော်ဘီအဆုံး အလုံးစုံသော ပြည်သူများအပေါ် ထိခိုက်စေမည်သာဖြစ်သည်။

တရုတ်အနေဖြင့် စစ်အုပ်စုအပါအဝင် မြန်မာပြည်သူအားလုံး၏ ဒေတာအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်ပြီး ကဏ္ဍအလိုက်ပါဝင်သက်ဆိုင်သူစာရင်း (Stakeholders Mapping) ပြုကာ ၄င်းတို့အလိုရှိသူ တနည်း ၄င်းတို့အား အန္တရယ်ပြုနိုင်သည်ဟု ယူဆသူများကို ရည်ရွယ်ချက်ရှိရှိ စောင့်ကြည့်လေ့လာ ထောက်လှမ်း ဖိအားပေးအရေးယူစေမှုများ ဖြစ်ပွားလာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူ အရပ်ဘက်အဖွဲ့ဝင်များက သတိပေးပြောဆိုသည်။

ထို့အပြင် Geedge ၏ အင်တာနက်ဖြတ်တောက်စောင့်ကြည့်ရေး Tiangou Secure Gateway (TSG) ယန္တရား၏ စွမ်းဆောင်ရည်ထဲတွင် မြန်မာနိုင်ငံသားများ၏ အင်တာနက်အသုံးပြုမှုလမ်းကြောင်းများအတွင်း အန္တရာယ်ပြုဆော့ဝဲလ် Malware များ ထိုးဖောက်ထည့်သွင်းကာ ၄င်းတို့အလိုရှိသူများအား ရည်ရွယ်ချက်ရှိရှိ ဟက်ကင်း (Hacking) ပြုလုပ်နိုင်သည်ကိုလည်း စိုးရိမ်ဖွယ်အချက်အနေဖြင့် တွေ့ရသည်။

အဆိုပါစနစ်အတွင်း Malware အသုံးပြုပြီး ဟက်ကင်း (Hacking) လုပ်ဆောင်နိုင်မှုနှင့် ပတ်သက်၍ ပူးပေါင်းအစုအဖွဲ့၏အဖွဲ့ဝင် နည်းပညာအဖွဲ့အစည်းတစ်ခုဖြစ်သည့် InterSecLab အား ရန်ကုန်ခေတ်သစ်က မေးမြန်းခဲ့ရာ၊ အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က-

“ဒီပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ Malware နဲ့ ဟက်ကင် ပြုလုပ်နေတယ်ဆိုတဲ့ အထောက်အထားကိုတော့ မတွေ့ရပါဘူး၊ ဒါပေမဲ့ ဘယ်နိုင်ငံမဆို Geedge စနစ်ကို တပ်ဆင်ထားမယ်ဆိုရင်၊ ဒီစနစ်ထဲမှာရောက်ရှိနေတဲ့ သုံးစွဲနေသူတွေကို Malware နဲ့ တိုက်ခိုက်ဖို့/ ဟက်ဖို့ဆိုတာက မခက်ပါဘူး။ နည်းပညာအရပြောရရင် ဒီအတွက် လမ်းကြောင်းတွေ ပွင့်နေပြီးသားလို့ ပြောလို့ရတယ်”

“တကယ်လို့ နိုင်ငံတစ်နိုင်ငံမှာ Geedge စနစ် တပ်ဆင်ပြီးသားဆိုရင် အဲ့နိုင်ငံရဲ့ အင်တာနက်သုံးစွဲမှု ဒေတာအားလုံးဟာ Geedge box ထဲကို မဖြစ်မနေ ဖြတ်သန်းရမှာပါ။။ တကယ်တော့ Geedge ဟာ အဲ့ဒီနိုင်ငံရဲ့ အင်တာနက်သုံးစွဲမှု (internet traffic) တစ်ခုလုံးကို ဖင်ခုထိုင်ထားပြီး သူ့စနစ်ထဲ ဖြတ်သန်းလာတဲ့ ဒေတာ traffic တွေကို လိုသလို ထိန်းချုပ် ဖြတ်တောက် ထောက်လှမ်းနိုင်သလို malware နဲ့ ဟက်ဖို့ကိုလည်း အလွယ်တကူနဲ့ကို လုပ်‌ဆောင်နိုင်စွမ်း ရှိနေတာမို့ပါ” ဟုပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ၄င်းတို့အကျိုးစီးပွားအတွက် အလိုရှိလာပြီဆိုလျှင် တော်လှန်ရေးအဖွဲ့များသာမက စစ်အုပ်စုကိုပင်မချန် ဖိအားပေးအရေးယူသည် ဆိုသည်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်ထံ အပ်နှံလိုက်ရသော စစ်အုပ်စု၏ အထူးမိတ်ဖက် ကြံဖွတ်လွှတ်တော်အမတ် နှင့် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် စစ်အုပ်စုအဖွဲ့ဝင်များနှင့် အရေးယူခံရသော စစ်ဗိုလ်ချုပ်များက သက်သေပြနေသည်။ အရေးယူမခံခဲ့ရသော်လည်း ထိုစဥ်က တရုတ်ကို ပေါ်ပေါ်ထင်ထင် ဆန္ဒပြခဲ့ကြသော မဘသ၊ အမျိုးသားရေးဝါဒီ ဆိုသူများသည်လည်း ယခု Geedge စနစ်အောက်တွင် မျက်ခုံးမွှေးခပ်လှုပ်လှုပ်အခြေအနေသို့ ဆိုက်ရောက်လာတော့မည်ဖြစ်သည်။

စာရွက်စာတမ်းပေါင်း ၁၀၀,၀၀၀ ကျော်ပါဝင်သည့် အဆိုပါပေါက်ကြားမှုအတွင်းတွင် စစ်အုပ်စုအလို မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ရေးစနစ် တပ်ဆင်ပေးထားသော Geedge Networks နှင့် ၄င်း၏မိတ်ဖက် MesaLab တို့၏ အချက်အလက်များက အဓိကအနေဖြင့် ပါဝင်နေသည်။

MesaLab သည် တရုတ်နိုင်ငံ၏ အဆင့်မြင့်ဆုံးအဖွဲ့ဖြစ်သော တရုတ်နိုင်ငံတော်ကောင်စီက ထိန်းချုပ်ထားသော တရုတ်သိပ္ပံအကယ်ဒမီ (Chinese Academy of Sciences) လက်အောက်ရှိ Institute of Information Engineering (IIE) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ MesaLab မှ ပေါက်ကြားလာသော စာရွက်စာတမ်းများအတွင်း တွေ့ရသော Geedge နှင့် ၄င်းတို့အကြား အင်တာနက်ဆင်ဆာဖြတ်တောက်ရေးစနစ် ဖော်ဆောင်နေမှုနှင့် ပတ်သက်သော အပြန်အလှန် ပံ့ပိုးကူညီ ဆက်သွယ်နေမှုများက အဆိုပါကိစ္စတွင် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးနေမှုနှင့် လက်တံကို ထင်ရှားစွာတွေ့မြင်ရကြောင်း အစီရင်ခံစာ ထုတ်ပြန်မှုတွင် ပါဝင်သည့်အဖွဲ့များက ရန်ကုန်ခေတ်သစ်ကို ပြောကြားခဲ့သည်။

၄င်းကိစ္စနှင့်ပတ်သက်၍ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများရှိ တရုတ်၏ ရင်းနှီးမြှပ်နှံမှုများဆိုင်ရာ ကျွမ်းကျင်သူ Patrick Dorn ကလည်း –

“တရုတ်သိပ္ပံအကယ်ဒမီ (CAS) ဟာ တရုတ်မှာပါဝါအရှိဆုံး နိုင်ငံတော်ကောင်စီအောက်မှာဆိုတော့ တရုတ်လုံခြုံရေးအေဂျင်စီတွေအနေနဲ့ သူတို့အလိုရှိရင် မြန်မာနိုင်ငံက Geedge စနစ်ထဲမှာရှိတဲ့ မြန်မာအင်တာနက်အသုံးပြုမှု ဒေတာအားလုံးကို အလွယ်တကူ ကြည့်ရှုအသုံးပြုနိုင်ပါတယ်”

“လက်ရှိ အလွန်ရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံရဲ့အခြေနေတွေကြောင့်လည်း တရုတ်ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် မြောက်ပိုင်းညီနောင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေကိုသာမက သူတို့ရဲ့လက်ရှိ မိတ်ဖက်ဖြစ်နေတဲ့ စစ်အုပ်စုကိုပါ စောင့်ကြည့်ထောက်လှမ်းနေနိုင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်ကို ပြောကြားခဲ့သည်။

တရုတ်အင်တာနက်ဆင်ဆာနည်းပညာ နှင့် ပတ်သက်သော ပေါက်ကြားခဲ့ဖူးသမျှထဲတွင် အသေးစိတ်အကျဆုံးနှင့် အချက်အလက်အများဆုံး ပါဝင်သော အဆိုပါပေါက်ကြားမှုကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၄င်းအာဏာဆက်လက်ကိုင်စွဲနိုင်ရေးအတွက် မြန်မာပြည်သူအားလုံး၏ ဒေတာအချက်အလက်များနှင့် အလဲအထပ်ပြုကာ တိုင်းပြည်၏အချုပ်အခြာကို တရုတ်ထံ ရောင်းစားခဲ့ကြောင်း ထင်ရှားစွာပေါ်လွင်စေခဲ့သည်။ ထို့အတူပင် တရုတ်၏ စောင့်ကြည့်ထောက်လှမ်း စွက်ဖက်မှုကြောင့်ပင် ၄င်းတို့စစ်အုပ်စုအဖွဲ့ဝင်များအကြား ကိုယ့်ရှုးကိုယ်ပတ်ဖြစ်ကာ ဒုက္ခနှင့်လှလှကြီး တိုးမည့်အချိန်သည်လည်း မရှေးမနှောင်း ရောက်ရှိလာတော့မည်လည်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article