ရန်ကုန်၊ စက်တင်ဘာ ၂၂
ယခုနှစ် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီးကြောင့် လူရာချီ သေဆုံးခဲ့သော ငလျင်ဘေးသင့် မန္တလေးရှိ ဆိုင်ခန်းများအားလုံးတွင် မှန်တံခါးတပ်ဆင်ပြီး မှန်ချပ်များ ကာရန် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ မန္တလေးစည်ပင်က အမိန့်ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ပြင်ဦးလွင်တွင် ဆိုင်ခန်းများအားလုံး မှန်တံခါးနှင့်မှန်ချပ်များ ကာရန်တပ်ဆင်ရန် အမိန့်ထုတ်ပြီးနောက် မန္တလေးမြို့တွင်ပါ မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်လာကြောင်း၊ ဆိုင်ခန်းများအားလုံး မှန်တံခါးနှင့်မှန်ချပ်များ ကာရန်တပ်ဆင်ခိုင်းရခြင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေတ်မီမြို့တော်များ၏ လမ်းဘေးဝဲယာ စျေးဆိုင်များနည်းတူ ဖြစ်ပေါ်လာစေရေးအတွက်ဖြစ်ကြောင်း မန္တလေးစည်ပင်က အကြောင်းပြထားသည်။
“အဲဒီအမိန့်က စက်တင်ဘာလ ၆ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး တရုတ်က ပြန်လာပြီးတဲ့နောက်မှာ ထွက်လာတာ။ ပြင်ဦးလွင်ရော၊ မန္တလေးရော စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဆိုင်ခန်းတွေအားလုံး မှန်တံခါးနဲ့ မှန်ချပ်တွေကာရန် တပ်ဆင်ဖို့ စည်ပင်က ထပ်ဆင့် အမိန့်ထုတ်လာတယ်။ တရုတ်မှာ လမ်းဘေးဝဲယာ ဆိုင်တွေအားလုံးက မှန်ချပ်တွေ ကာရန်ထားပြီး မှန်တံခါးတွေ တပ်ထားတာကို မြင်လို့ အတုယူတာထင်တယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ငလျင်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ များပြားနေသော မန္တလေးတွင် စည်ပင်က ယင်းသို့ လက်တွေ့မကျဘဲ အကုန်အကျများသည့် မှန်တံခါးနှင့်မှန်ချပ်များ ကာရန်တပ်ဆင်ခိုင်းခြင်းကြောင့် စီးပွားရေး မပြေလည်သော ဆိုင်ခန်းပိုင်ရှင်များ အတိဒုက္ခရောက်နေရသည်ဟု သိရှိရသည်။
“ငလျင်မှာ အိမ်ပြိုသွားလို့ ဆိုင်ခန်းငှားဖွင့်နေတာ။ ဆိုင်ခန်းပိုင်ရှင်ကလည်း သူတစ်ဦးတည်းတော့ အကုန်အကျ များလို့ ငှားရမ်းသူနဲ့ မျှခံခိုင်းတယ်။ တကယ်လို့ မှန်တံခါးနဲ့ မှန်ချပ်ကာမယ့် စရိတ်ကို မျှမခံရင် ဆိုင်ခန်း ငှားရမ်းခစျေးတက် မယ်တဲ့။ တကယ့်ဆုပ်လည်း စူး၊ စားလည်းရူးပဲ” ဟု ငလျင်ကြောင့် နေအိမ်နှင့်ဆိုင်ခန်း ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရသော ဖိနပ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
မန္တလေးစည်ပင်က ယခု စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ မန္တလေးရှိ ဆိုင်ခန်းများအားလုံး မှန်တံခါးနှင့်မှန်ချပ်များ ကာရန် တပ်ဆင်ရမည်ဖြစ်ပြီး မလိုက်နာပါက ဒဏ်ငွေရိုက်ခြင်း၊ တရားစွဲခြင်းနှင့် နှစ်ကြိမ်ကျူးလွန် ဖောက်ဖျက်သည့် ဆိုင်ပိုင်ရှင်များကို စည်းကမ်းပျက်စာရင်းသွင်းမည်ဖြစ်ကြောင်း၊ တတိယအကြိမ် ကျူးလွန်လျှင် ဆိုင်ခန်းကို ၁ လပိတ်သိမ်း ပြစ်ဒဏ်သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားသည်
