25.7 C
Yangon

ပြင်ဦးလွင်အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တွင်ပါ သိသိသာသာ ခံစားရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ပြီး ပြင်ဦးလွင်၊ မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင် ငလျင်ကို သိသိသာသာ ခံစားရလိုက်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၉ မိနစ်အချိန် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ ထိုငလျင်ကြောင့် ပြင်ဦးလွင်ရှိ ဒေသပြည်သူများ အလွန်သိသာစွာ ခံစားလိုက်ရကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မှာတော့ အကုန်လုံးလန့်ပြီး အော်တဲ့သူလည်း အော်တယ်။ ငလျင်က မြေအောက်က အသံကြီးနဲ့ကို လှုပ်တာ။ အထပ်မြင့်တိုက်တာမရှိပေမယ့်လည်း အရမ်းသိသာတော့ အိမ်ပြင်ထွက်ပြေးမိတယ်” ဟု ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး ၁၀၊ တပ်ဦးရတနာပုံကျောင်းအနီးနေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါငလျင်ကို မန္တလေးမြို့တွင်လည်း သိသိသာသာခံစားလိုက်ရပြီး ဒေသပြည်သူများ အလန့်တကြား ဖြစ်ခဲ့ရကြောင်း မန္တလေးမှ ပြည်သူများက ဆိုကြသည်။

“မနက် ၆ နာရီလောက်လှုပ်သွားတာ။ အချိန်တော့ အရမ်းမကြာဘူး။ တစ်ချက်ပဲ ဆောင့်လှုပ်သလိုခံစားရတယ်” ဟု မန္တလေးမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့ပေါ်တွင်လည်း ငလျင်လှုပ်ခတ်သွားသည်ကို သိရှိလိုက်သော်လည်း အင်အားပြင်းထန်မှု မရှိဟု ယူဆကြောင်း စစ်ကိုင်းမြို့၊ ဇေယျာကွက်သစ်ရပ်ကွက်တွင် နေထိုင်သူ စစ်ကိုင်းမြို့ ၊ပရဟိတအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်တပ်လက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ ယနေ့ နံနက် ၅ နာရီ ၄၉ မိနစ် လှုပ်ခတ်ခဲ့သော ငလျင်မှာ ပြင်းအား ၄ အဆင့်သာရှိပြီး မန္တလေးတိုင်း၊ မတ္တရာမြို့၏ အနောက်တောင်ဘက် ၆ မိုင်ခန့်ကို ဗဟိုပြုထားကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် အပါအဝင် မြို့ကြီးများမှ ပြည်သူထောင်ချီ သေဆုံးခဲ့ရသည်။

ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော မန္တလေးမြို့တွင် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article