တနင်္သာရီတိုင်း၊ မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ ရိက္ခာပို့ရန် လာသည့် စစ်သားများ လိုက်ပါလာသော ကား ၂ စီးကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ရိက္ခာကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ရမ်းဖိုကျေးရွာ ရမ်းဖိုတံတားကြီးအရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကားပေါ် တွင်ပါလာသော စစ်သား ၁၀ ဦးခန့်နှင့် လမ်းကင်းချထားသော အင်အား ၁၀၀ ခန့်ရှိ စစ်သားများနှင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်ကို မောင်းနှင်လာတဲ့ စစ်ခွေး ရိက္ခာပို့ ကား ၂ စီးကို ရမ်းဖိုကျေးရွာ ရမ်းဖိုတံတားကြီးအရောက်မှာ ကျနော်တို့ မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်။ ကားပေါ်မှာ ပါလာတဲ့ စစ်ခွေးအင်အား ၁၀ ဦး၊ လမ်းကင်း ချထားတဲ့ စစ်ခွေး အင်အား ၁၀၀ ကျော်လောက်နဲ့လည်း အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ပွဲ ၁၀ မိနစ်လောက် ဖြစ်ပွားခဲ့ပါတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ဗိုလ်ခရင်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ် ပကဖ ၊ တနင်္သာရီရိုးမဇုန် (၃) ၊ မြိတ်ခရိုင် ပကဖအဖွဲ့နှင့် ဗိုလ်ခရင်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
