25.8 C
Yangon

၂၀၀၈ အခြေခံဥပဒေ အသေးစိတ်လေ့လာသုံးသပ်ရေးအဖွဲ့တစ်ခုကို မင်းအောင်လှိုင်က စစ်အရာရှိများ၊ ဥပဒေသမားတချို့ဖြင့် ဖွဲ့စည်းပြီး စာတမ်းများ ပြုစု တင်ပြခိုင်း၊ အခြေခံဥပေဒပါ စစ်တပ်၏ အခန်းကဏ္ဍ တိုးမြှင့်လာနိုင်ဖွယ်ရှိဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၇

အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်ပြီး အားနည်းချက်နှင့်အားသာချက်များ၊ ပြင်ဆင်သည့်အချက်များ အပါအဝင် အသေးစိတ် လေ့လာသုံးသပ်ရေးအဖွဲ့တစ်ခုကို မင်းအောင်လှိုင်က ဖွဲ့စည်းပြီး စာတမ်းများ တင်ပြခိုင်းနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က ဖွဲ့စည်းလိုက်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသေးစိတ် လေ့လာသုံးသပ်ရေးအဖွဲ့တွင် စစ်တပ်အရာရှိများက ဦးဆောင်ပြီး စစ်တပ်ဘက်တော်သား အရပ်ဘက် ဥပဒေသမားတချို့ကိုပါ ထည့်သွင်းဖွဲ့စည်းထားကြောင်း၊ အဓိကအားဖြင့် လက်ရှိ နိုင်ငံတွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ် အကောင်အထည်ဖော်ရေး၊ တပ်မတော်၏ အခန်းကဏ္ဍများကို ပိုမိုတိုးမြှင့်ရန် တို့ပါဝင်ကြောင်း သိရှိရသည်။

“အခြေခံဥပဒေမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ တိုးမြှင့်ဖို့နဲ့ တပ်ချုပ်က ပြင်ဆင်ချင်တဲ့ အချက်တွေ လာမယ့် လွှတ်တော်မှာ ပြင် ဆင်ဖို့လို့ ယူဆရပါတယ်။ တပ်အရာရှိတွေ ဦးဆောင်ပါဝင်တာမို့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်ရဲ့ အခန်းကဏ္ဍ ပိုပြီး ကြီးမားလာနိုင်ပါတယ်။ အရေးပေါ် အခြေအနေ ကြေညာမှုနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခန်းကဏ္ဍက ပိုပြီး ထဲထဲဝင်ဝင် ပါဝင်လာနိုင်တယ်လို့ သုံးသပ်ရပါတယ် ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သမ္မတအရည်အချင်းသတ်မှတ်ချက်တွင် သမ္မတသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရန်နှင့် လွှတ်တော်ကိုယ် စားလှယ်ဖြစ်ပါကလည်း နုတ်ထွက်ရမည်ဆိုသော အချက်များ ပါဝင်နေရာ ယင်းအချက်များကိုလည်း ပြင်ဆင်မှုများ လုပ်လာနိုင်ဖွယ်ရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် အရွေးချယ်ခံရသည့်နေ့မှစတင်၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ဖော်ဆောင်အကောင်အထည်ဖော်လိုသော စည်းကမ်းပြည့်၀သော ဒီမိုကေရစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အခြေခံဥပဒေကို မင်းအောင်လှိုင်က လေ့လာသုံးသပ်ခိုင်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article