စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်ကို တိုက်ခိုက်ရန် သွားရောက်စဉ် စစ်သားအားလုံးထွက်ပြေးသွား၍ သေနတ်တစ်ချက် မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF က ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့အဝင် ဝါးချက်ကျေးရွာတောင်ဘက်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ယူနီကွန်း တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရန် သွားရောက်စဉ် ဂိတ်စခန်းရှိ စစ်သားအားလုံး ကားဖြင့်ထွက်ပြေးတိမ်းရှောင်သွား၍ သေနတ်တစ်ချက် မဖောက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ပြီးနောက် ရှင်းလင်းရေး လုပ်ဆောင်ကာ ယူနီကွန်းပျောက်ကြား တပ်ဖွဲ့မှ ရဲဘော်များက ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
ယင်း စစ်ဆေးရေးဂိတ်မှ ဆုတ်ခွာသွားသော အကြမ်းဖက် စစ်သားများသည် စစ်ကိုင်းမြို့ပေါ်မှ အင်အားဖြည့်တင်းပြီး ၎င်းတို့ ပြန်ဆုတ်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းကြောင့် ဝါးချက်ကျေးရွာမှ ကလေးငယ် ၁ ဦး လက်နက်ကြီးထိမှန်ကာ ပယ်ငါးဆယ်ကျေးရွာမှ ပြည်သူ ၁ ဦးလည်း ပေါင်တွင် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်းများ ရောက်ရှိလာပါက သတိဖြင့်နေထိုင်ကြရန် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF က အသိပေး ထုတ်ပြန်ထားသည်။
