ရန်ကုန်၊ ဇွန် ၁၈
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြဇီးတောရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် နေအိမ် ၂၀ ကျော် အပါအဝင် ပြည်သူပိုင် ပစ္စည်းများ မီးလောင်ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြဇီးတောရွာတွင် ညအိပ်တပ်စွဲခဲ့ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက မြဇီးတောရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်တွေနဲ့ ရွာဦးဘုန်းကြီးကျောင်း ကိုမီးရှို့သွားတယ်။ နောက်ပြီး ပြည်သူပိုင် ကားနဲ့ ဆိုင်ကယ်တွေပါ မချန်ဘူး။ အကုန်လုံးကို မီးရှို့ဖျက်ဆီးသွားတာ” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်ကလည်း မြိုင်မြို့နယ်တောင်ပိုင်း ကျေးရွာများကို စစ်တပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မကွေးလေတပ်မှ တက်လာသောအကြမ်းဖက် စစ်တပ်၏ Y-12 ဗုံးကျဲလေယာဉ်က မြိုင်မြို့နယ်တောင်ပိုင်းရှိ မြဇီးတောရွာ၊ ပန်းတိုင်းတောရွာ၊ စိုတောရွာနှင့် မြေရင့်ရွာ အနီးတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင်လည်း မြိုင်မြို့နယ်တောင်ပိုင်းရှိ ကံယာကောင်းကျေးရွာအနီးကို စက်မှု ၂ မှ တက်လာသော အသေခံဒရုန်းဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။







