26.7 C
Yangon

မြန်မာနိုင်ငံမှ အထိန်းအကွပ်မရှိ စည်းကမ်းမဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ထိုင်းနိုင်ငံအတွင်း မြစ်ရေညစ်ညမ်းမှုများ ထိန်းချုပ်ရန် ခက်ခဲနိုင်ဟု အမေရိကန်ပညာရှင် သတိပေး

Must read

ရန်ကုန်၊ ဇွန် ၁၇

မြန်မာနိုင်ငံအတွင်းရှိ စည်းကမ်းမဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသော အဆိပ်သင့်ဓာတ်ပစ္စည်းများကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကော့ခ်မြစ်နှင့် စိုင်မြစ်တို့တွင် ဖြစ်ပေါ်နေသည့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုကို အရင်းအမြစ်နေရာတွင် မထိန်းချုပ်နိုင်ပါက ဖြေရှင်းရန် ခက်ခဲလာနိုင်ကြောင်း အမေရိကန်ပညာရှင်တစ်ဦးက သတိပေးပြောကြားလိုက်သည်။

အမေရိကန်မှ သဘာ၀ပတ်ဝန်းကျင်များ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည့် Texas Tech University မှ ပါမောက္ခ ဒန်နီ ရိုင်းဘယ် (Danny Reible) က လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်သို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံဘက်မှ စီးဝင်လာသော သတ္တုတူးဖော်ရေးလုပ်ငန်းများ၏ သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထိုင်းသုတေသီများနှင့် အတွေ့အကြုံများ မျှဝေပေးနေကြောင်း သိရသည်။

ပါမောက္ခ ရိုင်းဘယ်က ထိုင်းနိုင်ငံ သုတေသနနှင့် ဆန်းသစ်တီထွင်မှုရုံး (TSRI) မှ ဒေါက်တာ သနာဖော ပင်ရတ်နှင့် Mae Fah Luang တက္ကသိုလ်မှ ဒေါက်တာ ဆွပ်ဆာကွန် ကစ်နူကွန်တို့နှင့်အတူ ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်များရှိ ကော့ခ်မြစ်နှင့် စိုင်မြစ်တစ်လျှောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။

ဒေါက်တာ သနာဖောက နယ်စပ်ဖြတ်ကျော် မြစ်ရေ ညစ်ညမ်းမှုကို ထိန်းချုပ်ရန် အရေး ကြီးဆုံးနည်းလမ်းမှာ မြန်မာနိုင်ငံဘက်ရှိ သတ္တုတူးဖော်ရေး အရင်းအမြစ်နေရာရှိ ပြဿနာကို ရပ်တန့်နိုင်မှ ဖြစ်နိုင်ကြောင်း ပြောကြားသည်။

သို့သော် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် လက်ရှိအချိန်တွင် ချင်းမိုင်နှင့် ချင်းရိုင်ဒေသရှိ စိုက်ပျိုးမြေများအတွင်း အဆိပ်သင့်ဓာတ်ပစ္စည်းများ စုပုံလာမှုကို လျှော့ချနိုင်ရန် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။

၎င်း၏ ပြောကြားချက်အရ ချင်းရိုင်ခရိုင် မယ်ဆိုင်ဒေသတွင် ယခင်က ကောက်ယူစစ်ဆေးခဲ့သော မြေဆီလွှာနမူနာများ၌ ညစ်ညမ်းမှုအဆင့်သည် လက်ရှိအချိန်အထိ ဘေးကင်းသတ်မှတ်ချက်များအတွင်း ရှိနေသေးပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စားသုံးရန် ဘေးကင်းနေဆဲဖြစ်ကြောင်း သိရသည်။

သို့သော် အဆိပ်သင့်ဓာတ်ပစ္စည်းများသည် မြစ်ရေစီးကြောင်းအတိုင်း ထိုင်းနိုင်ငံအတွင်း ဆက်လက်စီးဝင်လာပါက အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း ၎င်းက သတိပေးသည်။

ထို့ပြင် မြစ်ရေအတွင်း စီးဆင်းလာသော အနည်အနှစ်များကို တားဆီးနိုင်ရန် တာတမံများ တည်ဆောက်သင့်ကြောင်းလည်း ဒေါက်တာ သနာဖောက အကြံပြုထားသည်။ စိုင်မြစ်တွင် အသုံးပြုနိုင်သည့် နည်းလမ်းများကို ကော့ခ်မြစ်နှင့် အခြားမြစ်လက်တက်များတွင်လည်း အကောင်အထည်ဖော်နိုင်ကြောင်း ၎င်းက ပြောသည်။

ပါမောက္ခ ရိုင်းဘယ်ကလည်း သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ညစ်ညမ်းပစ္စည်းများကို မြန်မာနိုင်ငံဘက် အရင်းအမြစ်နေရာတွင် မထိန်းချုပ်နိုင်ပါက ထိုင်းနိုင်ငံအတွင်း ဖြေရှင်းရန် အလွန်ခက်ခဲနိုင်ကြောင်း ပြောကြားသည်။ အထူးသဖြင့် ရေစီးအား ပြင်းထန်နေသည့် အခြေအနေမျိုးတွင် ပိုမိုခက်ခဲလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် အဆိပ်သင့်ဓာတ်ပစ္စည်းများသည် ရေအတွင်း ပျော်ဝင်စီးဆင်းနေသလား သို့မဟုတ် မြစ်အောက်ခြေရှိ အနည်အနှစ်များတွင် စုပုံနေသလားကို ဦးစွာသိရှိရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ အနည်အနှစ်များတွင် စုပုံနေပါက ထိန်းချုပ်ကိုင်တွယ်ရန် ပိုမိုလွယ်ကူနိုင်ကြောင်းလည်း ရှင်းပြသည်။

Mae Fah Luang တက္ကသိုလ်မှ ဒေါက်တာ ဆွပ်ဆာကွန်ကမူ အဆိုပါ ညစ်ညမ်းမှုများသည် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဖြစ်ပေါ်လာကြောင်း သက်သေအထောက်အထားဖြင့် အတည်ပြုနိုင်ပါက မြန်မာနှင့် တရုတ်အစိုးရများအနေဖြင့်လည်း ပြဿနာဖြေရှင်းရေးတွင် ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၉ ရက်မှ မေလ ၂၂ ရက်အတွင်း ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်များရှိ ကော့ခ်မြစ်၊ စိုင်မြစ်၊ ရွတ်မြစ်နှင့် မဲခေါင်မြစ်တို့အပါအဝင် နေရာ ၂၂ ခုမှ ကောက်ယူခဲ့သည့် ရေနမူနာများကို စစ်ဆေးရာတွင် ရေအရည်အသွေးသည် သတ်မှတ်စံနှုန်းနှင့် မကိုက်ညီကြောင်း တွေ့ရှိရသည်။

စစ်ဆေးမှုရလဒ်များအရ အာဆင်းနစ် (Arsenic) ပါဝင်မှုသည် သတ်မှတ်စံနှုန်းဖြစ်သည့် ၀.၀၁၀ မီလီဂရမ်နှုန်းထက် ကျော်လွန်နေကြောင်း တွေ့ရှိရသော်လည်း ကက်ဒ်မီယမ်၊ နီကယ်၊ ခရိုမီယမ်၊ ဇင့်နှင့် မာကျူရီကဲ့သို့ အခြားသတ္တုအဆိပ်များ၏ ပါဝင်မှုမှာ လက်ရှိအချိန်တွင် လက်ခံနိုင်သည့် စံနှုန်းအတွင်း ရှိနေသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article