ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အာရှလမ်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်က BGF နှင့်ပူးပေါင်း ပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဖြစ်ပွားနေကာ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိနေကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ကော့ရိတ်မြို့နယ်၊ မြောက်ပိုင်း၊ ကမိုင်ကုန်း၊ အံဖကြီးကျေး ရွာဘက်သို့ အကြမ်းဖက်စစ်တပ်နှင့် စောချစ်သူလက်အောက်ခံ BGF တပ်ဖွဲ့ ၊ တပ်နယ် ၃ တပ်ဖွဲ့ဝင် များ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာသဖြင့် KNLA ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့အပြင် ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင့် ပြည်သူများ နေ ထိုင်ရာကျေးရွာများအတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများ ထိခိုက်မှု ရှိကြောင်း သိရှိရသည်။
“စစ်တပ်က အာရှလမ်းပြန်ဖွင့်ဖို့ ဗိုလ်ချစ်သူ လက်အောက်ခံ တပ်နယ်၃ BGF တပ်ဖွဲ့တွေနဲ့ ပူးပါင်းပြီး ကော့ကရိတ် မြောက်ပိုင်း ကမိုင်ကုန်း ၊အံဖကြီးရွာ တွေ ဘက်ကို စစ်ကြောင်းတွေ ဝင်လာနေလို့ မနေ့ က စက်တင်ဘာ ၂၇ ရက်မှာ KNLA တပ် တွေနဲ့ တိုက်ပွဲ ဖြစ်ပါတယ်၊ ကော့ကရိတ် ခလရ ၉၇ တပ် က လက်နက်ကြီး တွေ ရွာတွေဘက် ပစ်ထုတ်တာမှာ ရွာသားတွေ ထိခိုက်မှုရှိ လို့ KNU ဆေးရုံဆီ ကိုပို့ရပါတယ်၊” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ကရင်နယ်ခြားစောင့်တပ် BGF က စစ်တပ်နှင့်ပူးပေါင်း၍ စစ်ကြောင်းထိုးသည့်အပြင် စစ်တပ်ရွေးကောက်ပွဲအတွက် ပြည်သူများကို မဲထည့်ရမည်ဟု BGF ကလိုက်လံခြိမ်းခြောက်နေကြောင်း သိရှိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ကော့ကရိတ်မြို့နယ်၊ နဘူးအုပ်စု၊ ဝဲကင်းအံ့ဘုန်းကြီး ကျောင်းတွင် BGF စစ်သား ၅၀ ခန့် လုံခြုံရေးယူကာ ရွေးကောက်ပွဲ မဲထည့်နည်းသရုပ်ပြမှုကို လုပ် ဆောင်ခဲ့ကြောင်း၊ ရွာသူ၊ ရွာသူများအနေဖြင့်လည်း စစ်မရှောင်ဘဲ ရွေးကောက်ပွဲတွင် မဲထည့်ရမည်ဟု ခြိမ်းခြောက်စည်းရုံးလျက်ရှိကြောင်း သိရသည်။
“ဗိုလ်ချစ်သူ BGF တပ်ဖွဲ့မှာပါတဲ့ ကရင်စစ်သားတွေက ရွာ သားတွေကို ဘယ်မှ စစ်မရှောင်ဖို့၊ ရွာ မှာပဲ နေကြဖို့ စားသောက်စရာတွေ သူတို့ပေးမယ် ဆိုတာမျိုး စည်းရုံးပြီး ပြောပါတယ်၊ မနေ့က နဘူး အုပ်စု၊ ဝဲကင်းအံရွာ မဘသ ဘုန်းကြီးကျောင်းမှာ ရွေးကောက်ပွဲ ထည့်နည်းသရုပ်ပြတာတွေ ကို BGF အင်အား ၅၀ ကျော် လုံခြုံ ရေးယူပေးပြီး လုပ်နေပါတယ်။ ဒေသငြိမ်းချမ်းဖို့ ရွေးကောက်ပွဲ ကို မဲထည့် ရမယ်ဆိုပြီး ကျေးရွာတွေ ဆက်တိုက် မဲထည့်နည်း သင်ပြကာ BGF က စည်းရုံးနေပါတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ကရင်နယ်ခြားစောင့်တပ် BGF က စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက် ခံပြီး ရွေးကောက်ပွဲဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးမည်ဟု တရားဝင် ကြေညာချက် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- KNU တပ်မဟာ ၆ မှ ကော်ဘရာစစ်ကြောင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
