တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာတွင် တံတားကျိုးကျမှုကြောင့် ဒုရဲအုပ် မောင်ကိုကို ရေထဲပြုတ်ကျသေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့ည ၇ နာရီအချိန် ဘုတ်ပြင်းမြို့နယ်မှ ဇာတိမြိတ်မြို့သို့ ပြန်လာစဉ် တံတားကျိုးကျမှုကြောင့် ရေထဲ ပြုတ်ကျ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည် ဘုတ်းပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်နယ်မြေရဲစခန်းတွင် နယ်ထိန်းရဲ အဖြစ် တာဝန်ကျနေသူဖြစ်ကြောင်း သိရှိရသည်။
” အလယ်မန်ရွာ တံတားက အဟောင်း၊ လူတွေ ဖြတ်သန်းနေချိန်မှာ ဝိတ်များပြီး ကျိုးကျတာ။ သေသွားတဲ့ ရဲက မြိတ်ကပါ။ သူ့ဇနီးကလည်း မြိတ်ကပဲ။ တာဝန်ကျတဲ့ ဘုတ်ပြင်းကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်တာပါ။ နာရေးက သဂြိုလ်ပြီးသွားပြီ။ ဘုတ်ပြင်းကနေ မြိတ်ကို အပြန်မှာဖြစ်သွားတာ” ဟု မြိတ်မြို့မှ ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
တံတားကျိုးကျမှုကြောင့် သေဆုံးခဲ့သူ ဒုရဲအုပ် မောင်ကိုကိုသည် မြိတ်မြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ရဲအရာရှိတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းကာလတစ်လျှောက်လုံး ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ခြိမ်းခြောက် ဖမ်းဆီး ငွေညှစ်ခဲ့သူဖြစ်ကြောင်း မြိတ်မြို့မှ ဒေသပြည်သူများက ပြောဆိုကြသည်။
