အကြမ်းဖက် မင်းအောင်လှိုင်က ဒုတိယရဲချုပ် ၁ ရဲဗိုလ်ချုပ် တင်ကိုကိုနှင့် ဒုတိယရဲချုပ် ၂ ရဲဗိုလ်ချုပ် အောင်နိုင်သူတို့ကို ရာထူးတာဝန်မှ အနားပေးပြီး ကြံ့ဖွတ်ပါတီမှတစ်ဆင့် ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ယခုစက်တင်ဘာလအတွင်း ရဲဗိုလ်ချုပ်များဖြစ်ကြသည့် ဒုတိယရဲချုပ် ၁ ရဲဗိုလ်ချုပ်တင်ကိုကိုနှင့် ဒုတိယရဲချုပ် ၂ ရဲဗိုလ်အောင်နိုင်သူတို့ကို ရာထူးမှ အနားပေးလိုက်ကြောင်း၊ ၎င်းတို့ ၂ ဦးစလုံးသည် ကြံ့ဖွတ်ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် တရားဝင် စာရင်းသွင်းထားပြီးဖြစ်ကြောင်း သိရှိရသည်။
“ရဲတွေလည်း သူတို့ သွေးသစ်လောင်းတာပေါ့နော်။ ရှေ့က ရဲချုပ် နှစ်ယောက်ကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ရမယ်။ မန္တလေးတိုင်းဒေသကြီးထဲကနေ ဝင်ပြိုင်ရမယ်။ ဒါကြောင့်မို့လို့ ရဲချုပ် ၂ ယောက်ကို ပြန်ပြီးတော့ ပွဲထုတ်လိုက်တာပေါ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
ဒုတိယရဲချုပ် ၁ အဖြစ် ရဲဗိုလ်ချုပ် ဝင်းဘိုကို ခန့်အပ်လိုက်ပြီး ရဲဗိုလ်ချုပ် ဝင်းဘိုမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၁ ကျောင်းဆင်း စစ်အရာရှိကြီးဘ၀မှ ရဲဘက်သို့ ရာထူးကြီးဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်သည်။ ဒုတိယရဲချုပ် ၂ အဖြစ် ရဲဗိုလ်ချုပ် မျိုးမင်းထိုက်ကို ပြောင်းလဲခန့်အပ်လိုက်ပြီး ၎င်းမှာ ရဲစစ်စစ်တစ်ဦးဖြစ်သည်။
မကြာသေးခင်ကလည်း စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆ ဦး ၊ ဗိုလ်ချုပ် ၁၂ ဦး၊ ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး ၃၀၀ ဦး ၊ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ၁၁၀ ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအထိ အခြားအဆင့် ၆၀ ဦး စုစုပေါင်း ၄၈၉ ဦးကို ကြံ့ဖွတ်ပါတီသို့ စစ်ခေါင်းဆောင်က ပြောင်းရွှေ့စေခဲ့ပြီး စစ်အရာရှိကြီးအများစုမှာ ကြံ့ဖွတ်ပါတီကို ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

