25.6 C
Yangon

တန့်ဆည်၊ ကံထူးမရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး အပါအဝင် သေဆုံးသူ ၁၁ ဦးထိရှိလာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မထက်မိုးဦး အပါအဝင် သေဆုံးသူ ၁၁ ဦးထိရှိလာပြီဖြစ်ကြောင်း တန့်ဆည် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၈ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သင်ကြားရေးအတတ်ပညာတက္ကသိုလ် ပညာရေးဘွဲ့ (မူလတန်းပညာရေး အထူးပြု) ဒုတိယနှစ် ပထမနှစ်ဝက်တွင် ပညာသင်ယူနေသော မထက်မိုးဦး အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉ ဦးထက်မနည်းရှိကြောင်း သိရသည်။

ထို လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သော မထက်မိုးဦးသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သူတစ်ဦးဖြစ်ပြီး သင်ကြားရေး အတတ်ပညာတက္ကသိုလ်၏ ထက်မြက်သွက်လက်သော ကျောင်းသူ တစ်ဦး ဖြစ်ကြောင်း၊ အနာဂါတ် ပညာရေး၏ ဆရာကောင်းဖြစ်လာနိုင်သော သမီးကောင်း ရတနာတစ်ယောက် ဆုံးရှုံးခဲ့ရသည့် အတွက် မိသားစုနှင့်ထပ်တူ သင်ကြားရေးအတတ်ပညာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် သူငယ်ချင်း ကျောင်းသား၊ ကျောင်းသူများမှ အထူးပင်ဝမ်းနည်းကြောင်း NUG ကြားကာလတက္ကသိုလ်ကောင်စီ သင်ကြားရေးအတတ်ပညာတက္ကသိုလ်က ထုတ်ပြန်ထားသည်။

“ကံထူးမရွာကို စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာ သေဆုံးသူ ၁၁ ဦး ထိရှိသွားပါပြီ ပြင်းထန်ဒဏ်ရာရရှိသူတွေလည်း ပါဝင်ပါတယ်” ဟု တန့်ဆည် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ လူစည်ကားရာ နိုဘယ် ဆီဆိုင်နှင့် စားသောက်ဆိုင်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article