တရုတ်အစိုးရက မြန်မာစစ်တပ် လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း မြီရှောက်ချန်း၏ မိသားစုဝင် ၁၁ ဦးကို လူသတ်မှု၊ ကျားဖြန့် လိမ်လည်မှု၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှု၊ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါးအမှုများဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ Zhejiang ပြည်နယ်ရှိ တရာရုံးက မြီရှောက်ချန်း၏ မိသားစုဝင်များကို ပထမဆုံးအကြိမ် အဖြစ် စီရင်ချက်များ ချမှတ်လိုက်ခြင်းဖြစ်ပြီး မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ မြေးမလေး Ming Zhenzhen(သီရိမောင်)၊ ဝေကော်ချန်း Zhou Weichang ၊ ဝူဟုန်မင် Wu Hongming ၊ ဝူစိန်လုံ Wu Senlong ၊ ဖုယွီပင်း Fu Yubin အပါအဝင် ၁၁ ဦး တို့ကို သေဒဏ် ချမှတ်လိုက်ကြောင်း သိရှိရသည်။
ရန်ကျိန့်ရှီ Yang Zhengxi၊ ဖုချိန်ဇစ် Fu Chengzhi အပါအဝင် ၅ ဦးကို ဆိုင်းငံ့ ၂ နှစ် သေဒဏ် ချမှတ်လိုက်ကြောင်း၊ လော်ကျန်းကျမ်း Luo Jianzhang ၊ ချိုးဇစ် Qiu Zhi အပါအဝင် ၁၁ ဦးကို ထောင်ဒဏ်တသက် ချမှတ်လိုက်ကြောင်း၊ ပိဟွေ့ကျွင်း Bi Huijun ၊ ကျန်းကျိ Jiang Ji အပါအဝင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်မှ ၂၄ နှစ်အထိ သတ်မှတ်ထောင်ဒဏ် အသီးသီးကိုလည်းကောင်း ၊ငွေဒဏ် ၊ ပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းယူခြင်း ၊ ပြည်နှင်ဒဏ်ပေးခြင်း ပြစ်ဒဏ်များကိုလည်း ချမှတ်ကြောင်း သိရှိရသည်။
ကျားဖြန့် ငွေလိမ်လည်မှုများ အပါအဝင် ရာဇဝတ်မှုများဖြင့် ဆက်စပ်နေသော မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ သမီး Ming Julan (Myin Shut Lan) နှင့် မြေးမလေး Ming Zhenzhen (မသီရီမောင်) တို့ကို တရုတ်အာဏာပိုင်များထံသို့ မြန်မာစစ်တပ်က ၂၀၂၃ ခုနှစ်နိုဝင်ဘာလတွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ Ming Guoping ( အသက် ၄၃)နှစ်သည် မြန်မာစစ်တပ်၏ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်နေသည့် ကိုးကန့်နယ်ခြားစောင့်တပ်၏ ခေါင်းဆောင်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းတို့ကို အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက်တင်ခဲ့ပြီး ၁၀ လနီးပါးအကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်တွင် ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက်တင်ခဲ့ပြီး ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ် တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သော မြီရှောက်ချန်းမှာမူ တရုတ်က ဖမ်း၀ရမ်းထုတ်ချိန်တွင် မိမိကိုယ်ကို သတ်သေသွားခဲ့သည်။
တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများဖြစ်သော်လည်း တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကို ချိုးဖောက်ခြင်းကြောင့် တရုတ်အာဏာပိုင်များက ယင်းအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟု တရုတ်အစိုးရက ဖမ်းဆီး အမိန့်ချမှတ်လာခြင်းဖြစ်သည်။
မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သော ပယ်ဆောက်ချိန် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီက တရုတ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
စစ်တပ်က ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေစန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

