စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် တင်သားရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ၁၂၀ မမ ဗုံးများ ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာနေပြည်သူ အသက် ၄၁ နှစ် အရွယ် ဒေါ်နှင်းမူ၊ အသက် ၅၇ နှစ်အရွယ် ဦးတင်ထူးနှင့် အသက် ၂၅ နှစ်အရွယ် ဒေါ်ရွှေစင်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ တင်သားရွာကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၃ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဗုံးခိုကျင်းများ လုပ်ဆောင်ထားကြရန် ဒေသတွင်း တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလပိုင်းကလည်း အဆိုပါ တင်သားရွာနှင့် ကုက္ကိုလ်ရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော နေရာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


