Justice For Myanmar (JFM) အဖွဲ့သည် ၂၀၂၅ ခုနှစ်အတွက် Right Livelihood Award (မှန်ကန်သောအသက်မွေးဝမ်းကြောင်းဆု) ရရှိသူအဖြစ် ရွေးချယ်ခံခဲ့ကြောင်း အဆိုပါအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။
Right Livelihood ဆုရရှိခဲ့မှုနှင့်ပတ်သက်၍ ၄င်းဆုချီးမြှင့်ခံရခြင်းသည် စစ်ရာဇဝတ်ဂိုဏ်း ဖျက်သိမ်းရေး မြန်မာလူထု၏ ကြိုးစားရုန်းကန်နေမှုကို ဖော်ကျူးလိုက်ဖြစ်ခြင်းဖြစ်ကြောင်း JFM က ထုတ်ပြန်သည်။
Right Livelihood Award သည် လူသားအားလုံးအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့မှုတို့အတွက် ကြိုးပမ်းဆောင်ရွက်သော ကမ္ဘာတဝန်းက အပြောင်းအလဲ ဖော်ဆောင်နိုင်သူ/ အဖွဲ့အစည်းများကို အသိအမှတ်ပြု ပေးအပ်ခြင်းဖြစ်ပြီး၊ ယခုနှစ် ၂၀၂၅ ခုနှစ်အတွက် ပစိဖိတ်ကျွန်းစု၊ ထိုင်ဝမ်နဲ့ ဆူဒန်တို့မှ ဆုရှင် သုံးဦးနှင့်အတူ Justice For Myanamr ကို အသိအမှတ်ပြုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
Justice For Myanamr အနေနှင့်လည်း မြန်မာစစ်တပ်၏ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ၅နှစ်နီးပါးကြာမြင့်တဲ့အထိ ကိုယ်ကျိုးစွန့်ပေးဆပ်မှုနှင့် စစ်အုပ်စုကို ဂုဏ်ရောင်ပြောင်မြောက်စွာ ဆန့်ကျင်တော်လှန်နေသော မြန်မာပြည်သူများ၏ အံမခန်းသတ္တိဗျတ္တိကို ဂုဏ်ပြုသည့အနေဖြင့် အဆိုပါဆုကို လက်ခံရယူကြောင်း ထုတ်ပြန်ထားသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အံ့မခန်း သတ္တိ၊ ဂုဏ်သိက္ခာ၊ ခွန်အားတွေနဲ့ ဂုဏ်ရောင်ပြောင်မြောက်စွာ ဆက်လက်ခုခံတော်လှန်နေသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်မတို့ လက်ခံရယူပါတယ်။ ဒီဆုဟာ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ကင်းစင်တဲ့ အနာဂတ်တစ်ခု ရရှိရေးအတွက် မိမိတို့ အသက်ခန္ဓာကို ပေးဆပ်ခဲ့ကြတဲ့ မြောက်များစွာသော မြန်မာပြည်သူပြည်သားတွေအတွက် ဖြစ်ပါတယ်။ ဒီဆုဟာ နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကြားက မယိမ်းမယိုင် ရပ်တည်နေကြသူတွေ၊ စစ်အုပ်စုရဲ့ နိုင်လိုမင်းထက်ပြု အုပ်ချုပ်မှုတွေကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ဘယ်အရာကိုမှမမှုဘဲ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ သတင်းပေးထုတ်ဖော်သူတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွက်လည်း ဖြစ်ပါတယ်”
“ဒီဆုက ကျွန်မတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ခိုင်မာလာစေပါတယ်။ ဒါဟာ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက စောင့်ကြည့်လျက်ရှိကြောင်းနဲ့ မေ့လျော့ထားလိမ့်မှာမဟုတ်ကြောင်းကို စစ်အုပ်စုနဲ့ သူ့ရဲ့အားပေးကူညီသူတွေထံ ရှင်းလင်းတဲ့ သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
အဆိုပါဆုသည် ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် မြန်မာပြည်သူများ၏ ရုန်းကန်ကြိုးပမ်းမှုများကို ကမ္ဘာကြီးက မေ့လျော့ထားတာမရှိကြောင်းပြသသည့် အသိပေးနှိုးဆော်ချက်တစ်ရပ်ဖြစ်သည်ဟု JFM က ဆိုသည်။
စစ်အုပ်စုသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် ပြင်ဆင်နေပြီး ခုခံတော်လှန်မှုတွေကို ဖြိုခွဲနှိမ်နှင်းဖို့အတွက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ အရှိန်မြှင့်တင်ဆောင်ရွက်လာကြောင်းနှင့် စစ်အုပ်စု၏ အချီးနှီးကြိုးပမ်းမှုများသည် ကျရှုံးမည်သာ ဖြစ်ကြောင်းလည်း JFM က ထုတ်ပြန်သည်။
မြန်မာနိုင်ငံရဲ့အနာဂတ်သည် အတိမ်းအစောင်းမခံသော အခြေအနေတွင် ရောက်ရှိနေပြီး JFM အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများသည် တရားမဝင်စစ်အုပ်စုကို ကျားကန်ထောက်ကူပေးထားသော ကွန်ရက်များကို ဖော်ထုတ်ဟန့်တားရန်နှင့် အရေးယူတာဝန်ခံစေရေး ကြိုးပမ်းနေသည်ဟုလည်း ဆိုသည်။
ထို့အပြင် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများနှင့် ကမ္ဘာ့စစ်လက်နက်ရောင်းဝယ်ရေး လုပ်ငန်းကြီးများအပါအဝင် စစ်အုပ်စု၏ အသက်သွေးကြောလုပ်ငန်းများအပေါ် ဆန့်ကျင်သော လှုပ်ရှားတောင်းဆိုမှုများသည် စစ်အုပ်စုဆက်နွယ် ထုတ်ကုန်တွေကို သပိတ်မှောက်ခဲ့သော သာမန်နိုင်ငံသားများ၊ ခြိမ်းခြောက်မှုများကိုမမှုဘဲ ဆန္ဒဖော်ထုတ်သူများ၊ အမှန်တရားဖော်ထုတ်ဖို့အတွက် အရာရာကိုစွန့်စားရင်းနှီးခဲ့သော သူ့လူကိုယ့်ဘက်သား သတင်းပေးဖော်ထုတ်သူများ စသော မြန်မာပြည်သူများ၏ ပြောင်မြောက်လှသော ရဲစွမ်းသတ္တိတို့မှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်ဟု JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအတူ စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကမ္ဘာတဝန်းကလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည်လည်း မြန်မာပြည်သူများနှင့်အတူ ပူးပေါင်းခဲ့ပြီး မြန်မာပြည်သူများ၏ ခိုင်မာပြတ်သားသော အားထုတ်မှုများတွင် သွေးစည်းညီညွတ်စွာ ရပ်တည်ခဲ့ကြသလို၊ မြန်မာပြည်သူများ၏ လှုပ်ရှားရုန်းကန်မှုသည် ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲတစ်ခု၏ အစိတ်အပိုင်းဖြစ်ကြောင်း Right Livelihood Award က ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်ဟုလည်း JFM က ထုတ်ပြန်သည်။
မြန်မာစစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် ကမ္ဘာတဝန်းရှိ လူပုဂ္ဂိုလ်များနှင့် အစိုးရများ၏ ပံ့ပိုးကူညီမှုများ ယခုထက် ပိုမိုလိုအပ်နေပြီး၊ အကြမ်းဖက်မြန်မာစစ်အုပ်စုကို လက်တွေ့အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်အတွက် လက်ရှိအချိန်သည် အရေးကြီးဆုံးဖြစ်သည်ဟု Justice For Myanmar ကထုတ်ပြန်ထားသည်။
၁၉၈၀ ခုနှစ်ကစ၍ Right Livelihood Award ကို ကမ္ဘာလုံးဆိုင်ရာပြဿနာများကို လက်တွေ့ကျသော ဖြေရှင်းနည်းများဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သူများအား ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဥ် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွေအတွက် ဆု ၄ ဆုပေးအပ်ရာ ယခုအချိန်အထိ နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ဆုရရှိသူပေါင်း ၂၀၃ ယောက် ရှိပြီဖြစ်သည်ဟုလည်း သိရပါသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
