25.7 C
Yangon

ငဖဲမြို့နယ်၊ နတ်ရေကန် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် စစ်တပ်၏ တပ်မ ၉၉ နှင့် စကခ ၁၇ မှ စစ်သား ၂၇ ဦးကို အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ နှင့် စကခ ၁၇ မှ စစ်သား ၂၇ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လနှင့် စက်တင်ဘာလ ပိုင်းတွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဝန်းကျင်တိုက်ပွဲမှ ထွက်ပြေးလာသော အကြမ်းဖက်စစ်တပ်၏ တပ်မ ၉၉ နှင့် စကခ ၁၇ လက်အောက်ခံ စစ်သား ၂၇ ဦးကို PRA-Magway တပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၂၇ ဦးထဲတွင် အများစုသည် အဓမ္မစစ်မှုထမ်း ဥပဒေအရ ပေါ်တာဆွဲခံထားရသော အပတ်စဉ် ၇ နှင့် အပတ်စဉ် ၁၃ တို့မှ စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြောင်း၊ ယင်း စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း သိရှိရသည်။

“ကျနော်တို့ ဒီစစ်သုံ့ပန်းတွေကို ၂ သုတ်ခွဲမိတာပေါ့။ တချို့နေ့တွေမှာ ၅ ယောက်မိတာရှိတယ်။ ၆ ယောက်မိတာရှိတယ်။ တချို့နေ့တွေမှာလည်း ၁၀ ယောက်မိတာတွေရှိတယ်။ ၇ လပိုင်းနဲ့ ၉ လပိုင်းမှာ မိတာတွေပေါ့” ဟု People’s Revolution Alliance မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်း တလျောက် နှင့် ပုသိမ် – မုံရွာလမ်းပိုင်းတို့တွင် PRA-Magway တပ်ဖွဲ့က မဟာမိတ်များနှင့် ပူးပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အထိ အဖက်ဖက်မှ ရှုံးနိမ့် ပြိုလဲနေခဲ့ကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲနည်းလမ်းဖြင့် နိုင်ငံရေးထွက်ပေါက်ရှာဖွေခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေး ကို အသုံးချကာ နိုင်ငံတကာဆက်ဆံရေးထူထောင်ခြင်း၊ အဓမ္မစစ်မှုထမ်းဥပဒေကိုအသက်သွင်းကာ စစ်အင်အားဖြည့်တင်းခြင်း စသည့်ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာပြီးနောက် နိုင်ငံအဝှမ်းစစ်မျက်နှာများသို့ တပ်ဖြန့် ထိုးစစ်ဆင်လျက်ရှိကြောင်း၊ PRA-Magway တပ်ဖွဲ့ သည် ရန်သူ့ထိုးစစ်ကို ကြံ့ကြံ့ခံခုခံလျက်ရှိပြီး စစ်နောက်ပိုင်းဒေသများတွင်လည်း ပြောက်ကျားဒေသများ တိုးချဲ့ဖော်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် အလျားလိုက်ပုံစံ ပိုမိုဖြစ်ထွန်းလာခဲ့ပြီး တော်လှန်ရေးကာလ ၅ နှစ်နီးပါးကြာမြင့်လာသည်အထိ တစ်ဖွဲ့ချင်းအားကောင်းမှုလည်း အကန့်အသတ်ဖြစ်ခဲ့ပြီး တပ်ပေါင်းစု သဏ္ဍန် စုစည်းမှုလည်း အားနည်းခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တကျော့ပြန်အားကောင်းလာမှုတွင် ထိန်းချုပ် ဒေသအချို့ ပြန်လည်လက်လွှတ်ရမှုများလည်း ရင်ဆိုင်နေရပြီး ယနေ့အချိန်သည် တော်လှန်ရေးအင်အားစု အသီးသီး၏ တပ်ပေါင်းစု မူဝါဒကို လက်တွေ့ကျကျကျင့်သုံးအကောင်အထည်ဖော်ရမည့် ကာလဟုယူဆကြောင်း၊ နွေဦးတော်လှန်ရေးကာလ (၅) နှစ်နီးပါး ကာလအတွင်း ဖိနှိပ်မှုပေါင်းစုံကို ခါးစည်းခံလာခဲ့ကြသည့် လူထုမျက်နှာကိုငဲ့ကာ မိမိတစ်သင်းတစ်ဖွဲ့အားကောင်းရေးထက် တော်လှန်ရေးတစ်စုံလုံး အားကောင်းရေးကို ဦးတည်နိုင်ရမည် ဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံးပေါင်းစည်းကာ တညီတညွတ် တည်းတိုက်ပွဲဝင်ကြရမည့်ကာလဟု ယုံကြည်ကြောင်း People’s Revolution Alliance မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article