ရန်ကုန်၊ အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရသော အကြမ်းဖက် စစ်တပ်၏ တပ်စခန်းတချို့ကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗန်းမော်မြို့ရှိ ၃ မိုင်စခန်း၊ ရွှေပြည်သာစခန်းနှင့် KBC ဘုရားကျောင်းကုန်းတို့ကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၁ တပ်မတော်ဆေးတပ်ရင်း (မဆရ) နှင့် အမှတ် ၅ ဆက်သွယ်ရေးတပ်တို့က စစ်ကြောင်း ၂ ကြောင်း ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်း တပ်ဖွဲ့များက ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။
ထိုသို့ ဆုတ်ခွာပေးလိုက်ရသော စခန်း ၃ ခုကို KIA ပူးပေါင်းတပ်ဖွဲ့က တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့ အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဗန်းမော် မဆရ-၁၁ နဲ့ ဆသရ-၅ ဘက်ကနေ စစ်ခွေးတွေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လို့ ဆုတ်ပေးလိုက်ရတဲ့ ၃ မိုင် ၊ ရွှေပြည်သာ နဲ့ KBC ဘုရားကျောင်းကုန်းတွေကို မနေ့က ညနေပိုင်းမှာ ကျနော်တို့ KIA က ပြန်သိမ်းပိုက်လိုက်ပြီ ဗန်းမော်တိုက်ပွဲကတော့ ပြင်းထန်နေတယ်။ စစ်တပ် တပ်စခန်းအချို့ကို KIA ပြန်သိမ်း ပိုက်လိုက်ပါတယ်။ စစ်တပ်ဘက်က သေဆုံးသူများပြားတယ်။ စစ်ခွေး ၅၀ ကျော် လောက်သေဆုံးနိုင်ပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။
ဗန်းမော် မြို့သိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလပိုင်းမှ စတင်၍ KIA ပူးပေါင်းတပ်ဖွဲ့များက ဆင်နွှဲနေခြင်း ဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
