NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်ထံသို့ စက်တင်ဘာလအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၈ ဦး အလင်းဝင်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ရင်ခွင်ထံသို့ ချိတ်ဆက်ပြီး စက်တင်ဘာလအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆၈ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ အလင်းဝင်ရောက်လာသူ ၆၈ ဦးထဲတွင် လက်နက် ယူလာသူ ၁၈ ဦး ရှိပြီး MA-1 သေနတ် ၁၁ လက်၊ MA-3 သေနတ် ၄ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံး၊ ကျည်မျိုးစုံ ၅၉၀ တောင့်ကျော်တို့ပါရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ အဓမ္မလူသစ်စုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း ၅၇ ဦး နှင့် ရဲ ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်သား ၈ ဦးတို့ စက်တင်ဘာလအတွင်း ပြည်သူ့ရင်ခွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကာ အခွင့်အရေးရသည်နှင့် ပြည်သူနှင့်အတူ ရပ်တည်ရန် ရန်သူ့တပ်တွင်း ရောက်ရှိနေသူများ ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း အမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့် ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ၇ လတာအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည် ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပကဖအဖွဲ့များကို ဆက်သွယ်ကာ ဗိုလ်မှူး ၂ ဦး အပါအဝင် စုစုပေါင်း ၄၀၉ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

