ရန်ကုန်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ သာဂရရွာနှင့် သာဂလရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၈ လုံးပျက်စီးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်နှင့် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် တန့်ဆည်မြို့နယ်ရှိ သာဂရရွာနှင့် သာဂလရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ် ၁၈ လုံး ပျက်စီးခဲ့ပြီး နွား ၆ ကောင်သေဆုံးကာ ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရပါဘူး” ဟု တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအထူးဂရုစိုက်ကြရန်နှင့် တန့်ဆည်မြို့နယ် ပကဖ အဖွဲ့က မေတ္တာရပ်ခံထားသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်ကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မြိုင်မြို့နယ် အနောက်ပိုင်း ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ က တက်လာသော စက်တပ်လေထီး ၂ စီးက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အတွင်း ရေနံမှော်တွင် အလုပ်လုပ်ကိုင်နေသူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဗုံးစထိမှန်ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့တော့ သိထားရတယ်။ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးတယ်။ စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကျဲသွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


