စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာနှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ အကြား ဧရာ၀တီမြစ်အတွင်း ရေလယ်တွင် ကျောက်ချထားသော စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ဦးတည် ပစ်ခတ်ခဲ့ ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်း မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝီမြစ် အထက်ပိုင်းသို့ ဆန် တက်လာသော စစ်သင်္ဘောများ အနက်မှ တိုက်ခိုက်ရေး သင်္ဘော ၁ စီးက မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာနှင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာကြား ကျောက်ချထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း ၊ အလားတူ ဒုတိယ အကြိမ်ထွက်လာသည့် ကမ်းထိုး စစ်သင်္ဘော ၂ စီးနှင့် ဖလက်သင်္ဘော ၂ စီးတို့ ကလည်း ကျွန်းဆင်ရွာ အောက်ဘက်၌ လည်းကောင်း၊ ရပ်တန့်ထားကာ သံခွန်အသေး သင်္ဘော ၁ စီး ပေါ်ပါ စစ်သားများက မင်းကွန်းရဲစခန်းအတွင်းသို့ အဝင်အထွက်လုပ်ဆောင်နေကြောင်း သိရသည်။
“သံခွန်တွေက မန္တလေးကို ကာချင်တဲ့အနေအထားပါ၊ မင်းအောင်လှိုင်က မန္တလေးကို ရောက်နေတဲ့ အခါကျတော့ စစ်ရေးအနေနဲ့ ကာကွယ်ရေးပိုင်းလုပ်တာပဲဖြစ်မယ်။ ပြည်သူတွေကတော့ အများကြီး မရှောင်ရဘူး။ သူက အောက်နားမှာဆိုတော့။ မင်းကွန်းရဲစခန်းကို ဝင်၊ ထွက်လုပ်တာကလည်း သက် သက်အင်အားပြတာ။ ခဲယမ်းပို့တာမျိုးတော့ မမြင်ဘူး။ ဝင်တဲ့အင်အားအတိုင်းပြန်ထွက်တယ်လို့ သိရတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် မြေပြင်တွင်လည်း စစ်တပ်ကလည်း စစ်ကြောင်းထိုးနေကြောင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာမှ စစ်ကြောင်းက အမှတ် ၃ လမ်းမဘက်သို့ ထွက်ခွာလာသဖြင့် မြစ်ကမ်းဘေး ကျေးရွာများနှင့် စစ်ကြောင်းထိုးရာ အနီးအနားမှ ကျေးရွာများမှ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများထံမှစုံစမ်းသိရှိရသည်။
