31.8 C
Yangon

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးမှုမှာ စစ်တပ်က ဆေးကုသခွင့်မပေး၍ နာတာရှည် ရောဂါများဖြင့် ကွယ်လွန်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦး သေဆုံးမှုမှာ စစ်တပ်က ဆေးကုသခွင့် မပေးခဲ့၍ နာ တာရှည်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင် အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးသည် နှလုံး ဆီးချို ကျောက်ကပ်ရောဂါများဖြင့် အသက်သေဆုံးခဲ့ကြောင်း၊ ကိုအောင်ကိုဦးသည် သေဆုံးချိန်တွင် အသက် ၄၈ နှစ်ရှိနေပြီဖြစ်ပြီး ထားဝယ်ထောင်တွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)၊ ပေါက်ကွဲ-၅တို့ဖြင့် ထောင်ဒဏ် ၈ နှစ် မတရားဖမ်းဆီးအကျဉ်းချခံထားရသူဖြစ်ကြောင်း သိရှိရသည်။

ကိုအောင်ကိုဦးမှာ ၂၀၂၁အစောပိုင်းကာလတွင် အာဏာသိမ်းစစ်တပ်ကို ငြိမ်းချမ်းစွာဆန္ဒပြသည့် လှုပ်ရှားမှုများတွင် ဦး ဆောင်ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရှင်မုတ္ထီးရွာနေအိမ်တွင် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးပြီး ပုဒ်မ၅၀၅ကနှင့် ပေါက်ကွဲ၅ တို့ဖြင့် အမှုဖွင့်ပြီး ထားဝယ်အကျဉ်းထောင်တွင် ထောင်ချခဲ့ခြင်းဖြစ်သည်။

နဂိုမူလရောဂါအခံကြောင့် ထားဝယ်ထောင်တွင် အကျဉ်းချခံရစဉ် ဆေးဝါးကုသမှုကို မကြာခဏ ကုသမှုခံနေရသူဖြစ်ပြီး ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းတို့ကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများ၏ အခြေခံစားသောက်ရေးမှာ ကုန်ဈေးနှုန်း အကြောင်းပြကာ သတ်မှတ်ထားသည့်အတိုင်း ကျွေးခြင်းမရှိသည့်အပြင် သောက်သုံးရေ ရှားပါးမှုနှင့်ပါ ကြုံတွေ့နေရကြောင်း၊ အချို့အကျဉ်းထောင်များတွင် အကျဉ်းသားများသည် အဝိစိတွင်းမှ ရေကို ရေစစ်ကာ သောက်သုံးနေရသည့် အပြင် သောက်သုံးရန် မသင့်သည့် ရေများကိုပင် သောက်သုံးနေရကြောင်း၊ ထိုသို့သော အခြေအနေများကြောင့် အကျဉ်းသားများ၏ ကျန်းမာရေးထိခိုက်မှုများလာသည့်အပြင် လုံလောက်သည့် ဆေးဝါးကုသမှုများ မရရှိသည့်အတွက် အသက်ဆုံးရှုံးသည်အထိ ဖြစ်လာရခြင်းဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

“၂၀၂၅ ခုနှစ်ထဲမှာ အခုအချိန် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ အနည်းဆုံး ၂၄ ဦး အသက်သေဆုံးခဲ့ကြပါတယ်။ အဲဒီတော့ အကျဉ်းထောင်ထဲမှာ ဘာလို့ ဒီလောက်အထိ နိုင်ငံရေးအကျဉ်းသား သေဆုံးမှုတွေ များလာလဲ၊ ပုံမှန်ဖြစ်နေတာလဲဆိုရင် အကျဉ်းထောင်အတွင်း အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ စားသောက်နေရေးကိစ္စတွေဟာ အင်မတန်ကိုမှ ချိုးဖောက်ခံနေရတဲ့ အခြေအနေဖြစ်ပါတယ်။ စားသောက်နေထိုင်ရေးမှာ အကျဉ်းသားအခွင့်အရေးအပြည့်အဝ မရရှိတော့ ရောဂါဖြစ်တဲ့အခါမှာလည်း ရောဂါကို ခံနိုင်တဲ့ ခံနိုင်ရည်အား မရှိဘဲ ရောဂါဒဏ်ကို ထောင်ထဲမှာပဲ ရှိတဲ့ အစားအသောက်တွေ စားသောက်ရင်းနဲ့ပဲ ကြံ့ကြံ့ခံရင်း နောက်ဆုံးမခံနိုင်တဲ့ အဆုံးမှာ အခုလိုမျိုး သေဆုံးနေကြရတဲ့ အခြေအနေတွေ ဖြစ်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article