ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် အုန်းယိုင်ရှိ ပိတ်စဆေးဆိုးပန်းရိုက် စက်ရုံတစ်ခုတွင် တရားဝင် မြန်မာအလုပ်သမား ၆၀ ကျော်ကို အကြောင်းပြချက်မရှိဘဲ မတရား အလုပ်ထုတ်ခံလိုက်ရပြီး အဆိုပါ အလုပ်သမားများ၏ နစ်နာမှုများ ပြန်လည် ရရှိရေး ကူညီပေးလျက်ရှိကြောင်း 𝐌.𝐇.𝐀.𝐂 (မဟာမိတ်အဖွဲ့) ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီမှ အမှုစိစစ်စီစဉ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဇင်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယင်းစက်ရုံက မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အလုပ်ဖြုတ်ခြင်းဖြစ်ပြီး အလုပ်သမားများမှာ လုပ်သက် ၃ လကျော် မှ နှစ်ပေါင်း၂၀ ကျော် လုပ်သက်ရှိသည့် မြန်မာအလုပ်သမားများပါဝင်ကြောင်း၊ မြန်မာ အလုပ် သမား ၆၀ ကျော် အလုပ်ထုတ်ပယ်ခံရရာတွင် အလုပ်သမား ၃၈ ဦးမှာ MHAC အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံလာကြောင်း သိရှိရသည်။
𝐌.𝐇.𝐀.𝐂 အဖွဲ့သားများက အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံမေးမြန်ခဲ့ပြီး ထိုင်းနိုင်ငံအလုပ်သမားဥပဒေနှင့် ပတ်သတ်သည်များအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အကူညီပေးနိုင်ရေး မေးမြန်းခြင်းများပြုလုပ်ခဲ့ကာ သက်ဆိုင်ရာ နယ်မြေခံရုံးသို့လည်း တိုင်ကြားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
“အလုပ်သမားတွေနဲ့အတူတူ နယ်မြေခံအလုပ်သမားကာကွယ်ရေးရုံးမှာညှိနှိုင်းဖို့ အလုပ်ရှင်ကို ခေါ်တယ်၊ အလုပ်ရှင်ဘက်က အကြောင်းမပြန်လို့ ထိုင်းနိုင်ငံတရားဥပဒေနဲ့အညီ အမှုဖွင့်ထားတယ်။ ဒါတောင် အလုပ်ရှင်ဘက်က ခေါင်းမာနေရင် နစ်နာသူအလုပ်သမားတွေရဲ့ အခွင့်ရေးရဖို့ ထိုင်းနိုင်ငံဥပဒေနဲ့အညီ အလုပ်သမားတွေရှေ့က ဆက်လက်ရပ်တည်သွားမှာပါ” ဟု 𝐌.𝐇.𝐀.𝐂 ပြန်ကြားရေးတာဝန်ခံ ကိုဇင်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အစပိုင်းတွင် အမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် အလုပ်သမား ၇၀ ကျော်ကို မေးမြန်းခဲ့သော်လည်း အမှန်တကယ် အမှုဖွင့်သည့်အချိန်တွင် အလုပ်သမား ၃၈ ဦးသာ လာရောက်ခဲ့ကြောင်း၊ ကျန်သူများမှာ သူဌေးနှင့် ပူးပေါင်းသူများ ၊ ကြောက်ရွံ့၍ မပါဝင်ခဲ့ကြောင်း၊ လက်ရှိ လာရောက်တိုင်ကြားသူများတွင် လုပ်သက် နှစ် ၂၀ ကျော် သမားများ ပါဝင်နေကြောင်း MHAC အဖွဲ့ထံမှ သိရှိရသည်။


