ရန်ကုန်၊ အောက်တိုဘာ ၈
မြန်မာနိုင်ငံတွင် စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာ မလုံလောက်ခြင်းနှင့် အဓမ္မစစ်မှုထမ်းခိုင်းခြင်းတို့ကြောင့် မြန်မာလူငယ်များ အလုံးအရင်းဖြင့် ပြည်ပသို့ ထွက်ခွာနေကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသည်။
အောက်တိုဘာလ ၆ ရက်နေ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံတွင် တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ ကင်းမဲ့လာခြင်း၊ ကျွမ်းကျင် လုပ်သား များ ပြည်ပသို့ထွက်ခွာနေခြင်း၊ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းလာခြင်း၊ ပညာရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖျက်ဆီးခံရခြင်းတို့သည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက် နေကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ယခုအခါ နိုင်ငံ၏ ဆင်းရဲမွဲတေမှုမျဉ်း အောက်၌ နေထိုင်နေရပြီး လူလတ်တန်းစားများ ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ မြို့ပြဆင်းရဲ မွဲတေမှုနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း၊ လူဦးရေ ၃ ဒသမ ၆ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာ နေရကြောင်း၊ လူဦးရေ ၂၂ သန်း နီးပါးသည် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေကြောင်း သံအမတ်ကြီးက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည် မတည်တံ့ နိုင်ကြောင်း၊ မြန်မာ ပြည်သူများအတွက် အကျိုး မရှိလျှင် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အကျိုး ရှိသည်ဟု မမည်ကြောင်း၊ ဒေသခံများ၏ ထောက်ခံမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ သည် ရေရှည်မခိုင်မြဲနိုင်ဘဲ ဒီမိုကရေစီနှင့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးကို ပြန်လည် မဖော်ဆောင်နိုင်ဘဲ စီးပွားရေး ပြန်လည်ဦးမော့လာရန် မဖြစ်နိုင်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် ရေရှည် အကျိုးကျေးဇူး၊ အပြန် အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ယူဆောင်လာနိုင်မည် မဟုတ်သည်မှာ လွန်စွာ ထင်ရှားကြောင်း၊ ယင်းအတုအယောင်ရွေးကောက်ပွဲမှာ စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်နိုင်စေမည့် လုပ်ဆောင်ခွင့် လိုင်စင် ပေးလိုက် သကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုကလည်း စစ်အုပ်စု၏ လိမ်လည် လှည့်ဖြားသည့် လုပ်ငန်းစဉ် ကို ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ခိုင်မာစွာဆုံးဖြတ်ထားသည့် မြန်မာ ပြည်သူ လူထုကို ပံ့ပိုးကူညီပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းသို့ သံအမတ်ကြီးက တိုက်တွန်းပြောဆိုထားသည်။


