26.3 C
Yangon

မြိုင်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ Gyrocopter များဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူ ၂ ဦး သေဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီး၊ Gyrocopter များဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူ ၂ ဦး သေဆုံး ၅ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း We Love Myaing အဖွဲ့နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန့်နေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမကျေးရွာအုပ်စုအနီးကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ဗုံး ၂၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရွာနှင့် မှန်ရင်းရွာ အကြားရှိ ရေနံမှော်ဒေသကို ပခုက္ကူတပ်မ ၁၀၁ မှ တက်လာသော စက်တပ်လေထီး ၂ စီးက ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရေနံမြေတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လေကြောင်းနဲ့ နေ့ရောညပါ နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေတာပါ။ စစ်ခွေးတွေဗုံးကျဲ တိုက်ခိုက်လို့ ရေနံမြေမှာ အလုပ်လုပ်နေတဲ့ ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးက လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်ကလည်း မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ပခုက္ကူ တပ်မ ၁၀၁ မှ တက်လားသော စက်တပ်လေထီး ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ထပ်မံ ပြုလုပ်သွားပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်ရှိချိန်တွင် အရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article