31 C
Yangon

စစ်တပ်တွင် လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ အသုံးပြုနေပြီး စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူ ပိုင် ပစ္စည်းများကို လုယက်ခိုင်းဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်း ဝန်ခံ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

အကြမ်းဖက်စစ်တပ်အတွင်း လူငယ်များအပြင် အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကိုပါ ဆွဲသွင်းအသုံးပြုနေပြီး ရှေ့တန်းစစ်မြေပြင်တွင် စစ်နိုင်သဖြင့် ဆုအဖြစ် ယူခွင့်ရှိသည်ဟုဆိုကာ ပြည်သူပိုင်ပစ္စည်းများကို လုယက်ခိုင်းနေကြောင်း အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းကဝန်ခံ ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၂၉ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံရ၍ စစ်မှုထမ်းတပ်သားဖြစ်လာသူဖြစ်ကာ အပတ်စဉ် ၅ သင်တန်းဆင်း စစ်မှုထမ်းတပ်သားတစ်ဦးဖြစ်သည်။

အကြမ်းဖက်စစ်တပ်တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် ခိုင်းစေနေရာတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်း၊ မဲပေါက်ခြင်းနှင့် ငွေကြေးအတွက် ဝင်လာရခြင်းဟူ၍ ၃ မျိုးရှိကြောင်း၊ အများစုမှာ ပေါ်တာဆွဲဖမ်းဆီးခံရ၍ ဝင်လာသူများဖြစ်ကြောင်း၊ ထို့ပြင် အသက်အရွယ်ကြီးရင့်နေသော အသက် ၇၀ အရွယ်အထိ သက်ကြီးရွယ်အိုများကို စစ်သားအဖြစ် အသုံးပြုနေကြောင်း၊ မူးယစ်ဆေးဝါးများလည်း စိတ်ကြိုက် သုံးခွင့်ရှိပြီး ဆေးကြောင်နေသော စစ်မှုထမ်းလူငယ်အများစုရှိနေကြောင်း၊ ပေါ်တာဆွဲရာတွင် ကျန်းမာရေးမကောင်းသူမှစ၍ စိတ်ဝေဒနာရှင်များအထိ ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်ထဲဆွဲသွင်းကြောင်း ၎င်းက ပြောဆိုသည်။

“မဲပေါက်လို့ ဝင်လာတာရှိတယ်။ ဒီငွေကြေးကြောင့် ဝင်လာရတာရှိတယ်။ ပေါ်တာဆွဲလို့ ဝင်လာရတာ ရှိတယ်ဗျ။ သုံးမျိုးသုံးစားရှိတယ်ဗျ အဲဒီမှာ။ စစ်မှုထမ်းချင်ပါတယ်ဆိုပြီးတော့ ဝင်လာတဲ့ လူတော့ မရှိဘူး။ ပစတွေကို အရှေ့က တက်ခိုင်းတယ်ဗျ။ အဲ့ဒီ သန္ဓေဆရာတွေက အရှေ့က တက်ခိုင်းတယ်ဗျ။ ဆေးတွေ ဘာတွေလည်း ဒီလို ခိုးဝယ်သုံးရတယ်ဗျ။ ဆေးက ၁၀၂ က ဝယ်ရတယ်ဗျ။ ရာမတို့ ဘာတို့က တပ်မှာဆိုလည်း ရှိတယ်ဗျ၊ ရယ်နေတဲ့ ကောင်၊ ကြောင်နေတဲ့ ကောင်တွေ အများကြီးပါတယ်။ တချို့ကျတော့လည်း ခုနကလို ရယ်တဲ့ကောင်တွေက ရယ်နေတာ၊ ငိုတဲ့ ကောင်တွေကလည်း ငိုနေတာ။ ဒါပေမဲ့ သူတို့အိမ်လည်း သူတို့မသိဘူး၊ သူတို့နာမည်တောင် သူတို့မသိတော့ဘူး အဲ့ဒါမျိုး ကောင်တွေ များတယ်ဗျ။ အဘိုးကြီးလေးတွေလည်း ပါတယ်ဗျ။ အသက် ၇၀ ကျော်နေပြီ၊ ဆံပင်မွေးတွေ ဖြူနေပြီ။ တချို့ သွားတွေတောင်မရှိတော့ဘူး အဲ့လိုအဘိုးကြီးမျိုးတွေ ပါတယ်ဗျ စစ်တပ်မှာ လူမျိုးစုံပဲ။ ခြေထောက် ဒီလေငန်းဆွဲတဲ့ လေငန်းဆွဲပြီး ပြန်ကောင်းတဲ့လူက အစ ပါတယ်ဗျ။ ဦးနှောက်မမှန်တဲ့ လူတွေလည်း ပါတယ်ဗျ။” ဟု အလင်းဝင် စစ်မှုထမ်းတပ်သား အောင်ကိုကိုဟိန်းက ပြောဆိုသည်။

စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားများနှင့် အောက်ခြေတပ်သားများကို အဆင့်အဆင့် အနိုင်ကျင့်ပြီး ရာထူးအဆင့်အတန်းအလိုက် အနိုင်ကျင့်ကြကြောင်း၊ အောက်ခြေ တပ်သားနှင့်ရဲဘော်များမှာ အနိုင်ကျင့်မှုကို အခံရဆုံးဖြစ်ကြောင်း သိရှိရသည်။

“တပ်ကြပ်ကြီးတွေက အောက်က ပစတွေကို အနိုင်ကျင့်တယ်ဗျ။ တပ်ကြပ်ကြီးတွေ အထက်မှာ CQ ဆိုတာရှိတယ်။ CQ ကလည်း တပ်ကြပ်ကြီးတွေကို အနိုင်ကျင့်တယ်။ ကိုယ့်အဖေအရွယ်လောက်ကို သားလောက်တွေက အနိုင်ကျင့်နေတာဗျ။ ခေါင်းဖြူကြီးတွေကို သားလောက်တွေက အနိုင်ကျင့်နေလည်း ခံရတယ်ဗျ။ ကျွန်တော်တို့ဆိုတာ ဝေလာ ဝေးပေါ့ဗျာ။ ကျွန်တော်တို့ ပစတွေဆိုတာကတော့ ။ သူတို့ အချင်းချင်းတောင် အနိုင်အရမ်းကျင့်တာဗျ။ ကောင်းစားသွားတော့လည်း အရာရှိကပဲ ကောင်းစားသွားတာ ။ ရင်းတော့ ရဲဘော်တွေက ရင်းရတာဗျ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်တပ်အတွင်း လစာနှင့် ရိက္ခာများမှာလည်း အဆင့်ဆင့် ဖြတ်စားကြသဖြင့် အောက်ခြေတပ်သားနှင့်ရဲဘော်များမှာ အာဟာရ ပြည့်အောင် မစားရဘဲ လစာလည်း အပြည့်အ၀ မရကြောင်း သိရှိရသည်။

“စားရတာဆိုလည်း ရှေ့တန်းမှာ လုံးဝအဆင်မပြေဘူး။ အာဟာရမရှိဘူးဗျ။ အဆင်မပြေဘူးဗျ။ အသားတုစားရတယ် ငါး ခြောက်ဆိုလည်း လောက်တက်နေတဲ့ ငါးခြောက်စားရတယ်။ သင်္ဘာသီးနဲ့ အသားတု ချက်ကျွေးတာတို့ ၊ အာလူးတို့ ချက်ကျွေးတာတို့၊ နှစ်ပတ်မှ ကြက်သားတစ်တုံးပဲ စားရတယ်။ ကြက်သားဆို တစ်တုံးပဲ။ ကျန်တာတွေက သူတို့ဖြတ်စားတယ်ဗျ ။ မသေရုံတမယ် ထမင်းစားရတယ်ဗျ။ ထမင်းတွေလည်း ငတ်တယ်ဗျ။ ကျနော်တို့ ငွေတွေကိုတော့ သူတို့ လူကြီးတွေ ယူတယ်ဗျ။ ယူပြီးတော့မှ ကျနော်တို့ စားဖို့ဆိုပြီး ကျွန်တော် စောင့်ကျွေးတာဗျ။ ရှေ့တန်းမှာ ဒီနေရာမှာ လုံးဝအဆင်မပြေဘူးဗျ။ စားတာနေရတာ အာဟာရမရှိဘူးဗျ။ ကောင်းကောင်းမကျွေးဘူးဗျ” ဟု သူက ရှင်းပြသည်။

အရပ်သားပြည်သူများကိုလည်း PDF ဟုဆိုကာ သတ်ဖြတ်လေ့ရှိပြီး လက် နက်ကိုင်သော PDF များကို ဖမ်းမိပါကလည်း အရှင်မထားဘဲ သတ်ဖြတ်ပစ်ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများစွန့်ခွာသွားသော နေအိမ်များမှ ပြည်သူများ၏ပစ္စည်းများကိုလည်း စစ်နိုင်သဖြင့် ယူခွင့်ရှိသည်ဟုဆိုကာ လုယက်ခိုင်းကြောင်း သိရှိရသည်။

“PDF ဆိုရင် အရပ်သားလည်း PDF ဆိုရင် PDF လုပ်ပစ်တာဗျ။ ကျွန်တော်တို့က အသာလေးကြည့်ရတာဗျ၊ သတ်တာကတော့ မိတာတော့ မိတယ်ဗျ။ သွားနေတဲ့ အရပ်သားလည်း PDF လုပ်ရင် လုပ်ပစ်တာဗျ။ အိမ်တစ်အိမ်ဝင်လို့ရှိရင် ကျွန်တော်တို့ကို အကုန်ယူခိုင်းတယ်ဗျ။ အကုန်ယူတယ်ဗျ။ နောက်ဆုံး ဓာတ် ကြိုးတွေ ခွာတယ်ဗျာ။ ဓာတ်ကြိုးခွာပြီးတော့ ကြေးခွာတယ်လို့ သူတို့ခေါ်တယ်ဗျ​။ ပြည်သူပိုင်အိမ်က ပစ္စည်းတွေကတော့ အကုန်ယူတယ်ဗျ။ ရေခဲသေတ္တာတွေ့ ရေခဲ သေတ္တာယူတယ်။ အပ်ချုပ်စက်တွေ့ စက်ယူတယ်။ ဆိုင်ကယ်တွေ့ ဆိုင်ကယ်ယူတယ်။ အဲဒါ ကျွန်တော်တို့ မီးစက်တွေ့ မီးစက်ယူတာ။ အကုန်ယူတယ်ဗျ။ ပြည်သူပိုင် ပစ္စည်းကို သူတို့က ။ သူတို့ ပြောတာကျတော့ ငါတို့ စစ်နိုင်လို့ ငါတို့ ယူတာလို့ ပြောတာဗျ” ဟု ၎င်းက ရှင်းပြသည်။

စစ်တပ်အတွင်း ပြည်သူ့စစ်များကို ၂ နှစ်သာ တာဝန်ထမ်းရမည်ဟု ပြောဆိုထားသော်လည်း နှစ်ပြည့်လျှင်လည်း ပြန်လည် ထွက်ခွင့်ပြုမည့် အခြေအနေ မမြင်ရကြောင်း၊ ရှေ့တန်းတွင် စစ်မှုထမ်းတပ်သားများ သေဆုံးပါက လမ်းဘေးမြုပ်နှံပြီး မိသားစုများထံ အသိပေး အကြောင်းကြားခြင်းမရှိကြောင်း၊ တပ်တွင်း ဖိနှိပ်မှုများစွာရှိနေပြီး ထွက်ပြေးလျှင် တော်လှန်ရေး တပ်များက အလင်းဝင်သူများကို သတ်ဖြတ်သည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article