ရန်ကုန်၊ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး လင်းယဉ်ရွာသစ်ရွာမှ ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း Thunderbird People ‘s Defense Force – မိုးကြိုးငှက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၆ရက်နေ့တွင် စစ်ကိုင်းမြိုနယ်ရှိ ကျေးရွာ ၆ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က လင်းယဉ်ရွာသစ်ရွာကို ဝင်ရောက် စီးနင်းချိန်တွင် ပြည်သူ ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ၁ ဦးကို ပြန်လွှတ်ပေးကာ ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းကို ညောင်ငုတ်တိုရွာမရောက်ခင်လမ်းပိုင်း၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကန်ကြီးကုန်းကျေးရွာ၊ ကျောက်ပနံကျေးရွာ၊ ပဒူကျေးရွာ၊ စမွန်းကျေးရွာ၊ ရုံးပင်ကျေးရွာနှင့် လင်းယဉ်ရွာသစ်ကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက ဆားတောင်ဘက်ကိုတော့ ပြန်ဆုတ်သွားပြီ လင်းယဉ်ရွာသစ်ကျေးရွာက ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ၁ ဦးကိုတော့ ပစ်သတ်သွားတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ညောင်ငုတ်တိုရွာမရောက်ခင်လမ်းမှာသတ်ခဲ့တာပါ။ ၆ရက်နေ့ကနေစပြီး ဆည်လေးတော့ကနေ ဆားတောင်ထိ ကျေးရွာ ၆ ခုကို ဝင်ရောက် စီးနင်းခဲ့တာပါ။ ကန်ကြီးကုန်းကျေးရွာ ၊ ကျောက်ပနံကျေးရွာ၊ ပဒူကျေးရွာ၊ စမွန်းကျေးရွာ ရုံးပင်ကျေးရွာ လင်းယဉ်ရွာသစ်ကျေးရွာပါ” ဟုThunderbird People ‘s Defense Force – မိုးကြိုးငှက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက်ခိုးယူသွားကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ်စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၄ ကြိမ် လိုက်လံ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် MA- 4 သေနတ် ၁ လက်နှင့် MA-2 သေနတ် ၁ လက် အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – ကရင်ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူ ၁ ဦးကို ဖမ်းဆီးလာစဉ် (ပုံအဟောင်းဖြစ်သည်)




