စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် Wetlet Informational Network အဖွဲ့ထံ ချိတ်ဆက်လာ၍ စစ်ကိုင်းမြို့နယ် နယ်မြေခံ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့-UGF အဖွဲ့ အကူအညီဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး Shwebo District Battalion 23 ထံတွင် ခေတ္တထိန်းသိမ်းထားခဲ့ကြောင်း၊ ထို့နောက် အောက်တိုဘာ ၁၃ ရက်နေ့တွင် သက်ဆိုင်ရာ ရပ်ကျေးပကဖနှင့် မိသားစုများထံ လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။
ထို စစ်မှုထမ်း တပ်သားသစ်သည် ၂ လပိုင်းတွင် ရွာမှ မိသားစု အခက်ခဲကြောင့် အလုပ်လုပ်ရန် မန္တလေးမြို့ပေါ် သွားရောက်စဉ် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် တောင်တွင်းကြီးမြို့ဘက်သို့ ပို့ဆောင်ကာ စစ်သင်တန်းဆင်းပြီး ၇ လခန့် အကြာတွင် တပ်မ ၃၃ ထံ ပြန်လည်ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က သည် မြို့ပေါ်တွင်ပါ အတင်းအဓ္ဓမ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူများ သတိပြုသွားလာနေထိုင်ကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီတပ်ထဲတွင် ရောက်ရှိနေသော တပ်သားများ၊ စစ်မှုထမ်း တပ်သားများလည်း အလင်းဝင်ရောက်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက ဖိတ်ခေါ်ထားသည်။
အလားတူ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသော စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက် ခဲ့ကြောင်း Garuda Secret Force အဖွဲ့က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသော စစ်မှုထမ်း တပ်သား ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ Garuda Secret Force အဖွဲထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်တပ်က ပြုလုပ် ကျင်းပလျှက်ရှိသော ပျော်ပွဲရွှင်ပွဲများကို သွားလာခြင်းမပြုကြရန် Garuda Secret Force အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

