ရန်ကုန်၊ အောက်တိုဘာ ၂၂
ရန်ကုန်တိုင်း၊ သန်လျင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းလူက လူမိုက်များနှင့် ပျူစောထီးများကို ခါးပိုက်ဆောင်တပ်ဖွဲ့အဖြစ် မွေးထားပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စစ်မှုထမ်း လူစားထိုးအရောင်းအဝယ်လုပ်ခြင်းနှင့် တရားမဝင် လုပ်ငန်းများထံမှ ဆက်ကြေးကောက်ခိုင်းနေကြောင်း သန်လျင်မြို့နယ်မှ တပ်သတင်းရင်းမြစ်တချို့နှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
သန်လျင်မြို့နယ်တွင် မူလအစ ပထမ ပျူစောထီးခေါင်းဆောင်မှာ မြင့်ခိုင်ဆိုသူဖြစ်ပြီး မြင့်ခိုင်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ တပ်မိသားစုဝင်တစ်ဦးဖြစ်သော ကိုလတ်ဆိုသူကို ဓားဖြင့်ထိုးသတ်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ မြင့်ခိုင်ဆိုသူမှာ ယခင်ကတည်းက သန်လျင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းလူ၏ လက်ကိုင်တုတ်ဖြစ်သော်လည်း လူသတ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်သွားချိန် ဗိုလ်မှူးချုပ်ထွန်းလူက လူမိုက်မြင့်ခိုင်၏ တပည့်ကျော်ကြီးကို တပည့်အဖြစ် မွေးမြူလိုက်ကြောင်း၊ လူမိုက် ကျော်ကြီးထံတွင် တပည့်များစွာရှိပြီး အားလုံးမှာ ပျူစောထီးများဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်မှူးချုပ် ထွန်းလူက လူမိုက်ကျော်ကြီးကို တပည့်အဖြစ် မွေးမြူပြီးနောက် သန်လျင်မြို့နယ်တစ်ဝန်းတွင် လူမိုက်ကျော်ကြီးနှင့်ပျူစောထီးအဖွဲ့က နိုင်ငံရေးလှုပ်ရှားသူများ၊ CDM များ၏ သတင်းများကို စုံစမ်းထောက်လှမ်းခြင်း၊ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ လူငယ်များကို ဖမ်းဆီးခြိမ်းခြောက်ငွေညှစ်ခြင်းများ လုပ်ဆောင်ကြောင်း၊ ယင်းအပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူများ၊ လောင်းကစားများထံမှ ဆက်ကြေးကောက်မှုများကိုလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။
“တပ်နယ်မှူး ထွန်းလူက လူမိုက်မြင့်ခိုင်တပည့် ကျော်ကြီးကို မွေးထားပြီး တရားမဝင် လုပ်ငန်းတွေ ကို နောက်ကွယ်ကနေ လုပ်ခိုင်းနေတာပါ။ ကျော်ကြီးက သန်လျင်မှာ ပေါ်တာဆွဲ၊ မူးယစ်ဆေးဝါး ရောင်း ၊ လောင်းကစားဝိုင်း၊ ကြက်ဝိုင်းတွေလုပ်ကိုင်နေတာ။ ကြက်ဝိုင်းကနေ တစ်လကို သိန်း ၃၀၀ လောက် ရှာဖွေပေးရတယ်။ နေအိမ်ထဲအထိ ဝင်ပြီးအနုကြမ်းစီးတာတွေလုပ်ပါတယ်။” ဟု သန်လျင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်း သန်လျင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ အေးသစ္စာ ရှိ နေအိမ်တစ်ခုကို ပျူစောထီးလူမိုက်ကျော်ကြီးနှင့်အဖွဲ့က ဝင်ရောက်ဓားပြတိုက်ပြီး အိမ်ရှင်မိ သားစုဝင်များကို ရိုက်နှက်ကာ ငွေကျပ် သိန်း ၁၀၀ ကျော်ကို ဓားပြတိုက်ယူသွားခဲ့ကြောင်း၊ ထိုသို့ နေအိမ်အတွင်း ဝင်ရောက် ဓားပြတိုက်သည့်အဖွဲ့တွင် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ၂ ဦးလည်း ပါဝင်ပြီး ယခုအချိန်အထိ အရေးယူခြင်းမရှိကြောင်း သိရသည်။
“ဘာမှ အရေးယူတာမလုပ်တဲ့အပြင် ခံရတဲ့ အိမ်ရှင်မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံနေရ တယ်။ သန်လျင်နာရီစင်ထိပ်က တည့်တည့်ဆင်းလာရင် အုတ်ဖိုစုဘူတာအနောက်မှာ ကြက်ဝိုင်းအ ကြီးကြီး ရှိတယ်။ အဲဒါက တပ်နယ်မှူး ထွန်းလူရဲ့ ကြက်ဝိုင်းပါ၊ သူ့တပည့် ကျော်ကြီးနဲ့ အရှည်ကြီး ဆိုတဲ့သူက ဦးစီးတာပါ။” ဟု သန်လျင်မြို့နယ်နေ ပြည်သူတစ်ဦးက ရှင်းပြသည်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညပိုင်းကလည်း သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာ အုပ် စု၊ ဘုရားငါးဆူဘောလုံးကွင်း အလယ်တွင် သန်လျင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းလူ၏ တပည့်များဖြစ်ကြသော ဘုရားကုန်းကျေးရွာလူမိုက်အုပ်စုဖြစ်သည့် မြင့်ခိုင်၊ ကျော် ကြီး၊ မျိုးကြီး၊ အရှည်ကြီး (ခ)တင်ထွန်းဝင်း ၊ သက်မင်းဦး၊ ပြည်ကျော်၊ ကျော်စည်သူ ၊ အယ်လေး (ခ) အောင်ခိုင်ဝင်းနှင့် မျိုးကိုကို တို့ ၉ ဦးက သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် တင်မောင်းဝင်းကို ကားဖြင့် တိုက်ပြီး ထွက် ပြေးသွားကြောင်း၊ ယင်းအမှုသည်လည်း တရားစွဲဆိုခြင်းမရှိဘဲ အဆုံးသတ်သွားကြောင်း သိရ သည်။
သန်လျင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းလူ သည် ရန်ကုန်တောင်ပိုင်းခရိုင် (ယခု သန်လျင်ခရိုင်) လုံခြုံရေးတာဝန်ခံဖြစ်ပြီး သန်လျင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးလည်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






