33 C
Yangon

မော်လိုက်ကလေးထောင်တွင်အကျဉ်းသားများ အရေးပေါ် ဆေးကုသလိုလျှင် အနည်းဆုံး ၅ သိန်းကျပ်နှင့်အထက် ထောင်အာဏာပိုင်များထံ လာဘ်ထိုးရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက် ကလေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများအနေဖြင့် အရေးပေါ် ဆေးကုသလိုပါက အနည်းဆုံး ကျပ် ၅ သိန်း နှင့် အထက် ထောင်အာဏာပိုင်များထံသို့ လာဘ်ထိုးရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မော်လိုက် ကလေးအကျဥ်းဦးစီးဌာနက အကျဥ်းသားများ ကျန်းမာရေးစောင့်ရှောက်ကုသမှုတွင် ဆေးဝါးလုံလောက်မှုမရှိသည့်အပြင် အရေးပေါ်လူနာများအတွက် ပြင်ပဆေးကုသခွင့်ကို ထောင်ပိုင်ကြီးအပါအဝင် အရာရှိတချို့ထံသို့ လာဘ်ထိုးမှသာ ဆေးကုသခွင့်ပြုနေကြောင်း သိရှိရသည်။

“ကလေးအကျဉ်းထောင်မှာဆိုရင် ပြင်ပဆေးရုံ‌တွေကို သွားရောက်ကုသဖို့က ကျန်းမာရေးအခြေအနေပေါ်မမူတည်ဘဲနဲ့ ငွေကြေးပေးနိုင်မှုအပေါ် အခြေတည်ပြီးပြင်ဆေးရုံတွေကို ထုတ်တယ်ဆိုတဲ့ အခြေအနေတွေ ပိုပြီးမှ များလာတယ်။ ဒါတွေကို အခွင့်ကောင်းယူပြီးမှ အာဏာပိုင်တွေ လုပ်ပိုင်ခွင့် ရှိတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေဟာ အနည်းဆုံး ၅ သိန်း ကနေမှ အထက်ကို သူတို့တွေကို ပြန်ပြီးမှ ဂါရဝပြုဖို့ လာဘ်စားလာတာမျိုး ပိုပြီးမှ တွေ့ရတယ်။ ဒါကြောင့်မို့လို့ ငွေကြေးအဆင်မပြေတဲ့ လူတွေ၊ အခြေခံလူတန်းစားတွေ၊ နိုင်ငံရေးပုဒ်မတွေ အဖမ်းခံထားရတဲ့လူတွေ၊ ဒါ့အပြင် တခြား ရာဇဝတ်အကျဉ်းသားတွေအခက်အခဲအများကြီး ဖြစ်စေတယ်။ အဲဒီလို အခက်အခဲအများကြီးဖြစ်လာလေ ကျန်းမာရေးဆိုးဝါးလာလေ နောက်ပိုင်းမှာ အကျဉ်းထောင်တွင်း နိုင်ငံရေးအကျဉ်းသားပိုမိုသေဆုံးမှုပိုမိုများပြားလာတဲ့ အခြေအနေတွေက ဒီလို အကြောင်းတရားတွေကြောင့်မို့ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အရေးပေါ်ဆေးကုသခွင့်အတွက် တစ်ကြိမ်လျှင် ပေးဆောင်ရသည့်ပမာဏသည် မြန်မာငွေ ၅ သိန်းကျပ်မှ ငွေကျပ် ၂၀ သိန်းအကြားပေး‌ဆောင်နေရပြီး ရံဖန်ရံခါ ထောင်အာဏာပိုင်များအတွက် KTVဖိုး ပေးဆောင်မှသာ ပြင်ပဆေးဝါးကုသခွင့်ရသည့် ဖြစ်စဉ်များလည်းရှိကြောင်း၊ ယင်းကဲ့သို့ ဆေးဝါးကုသခွင့်မရသည့် အခြေအနေများကြောင့် နိုင်ငံရေးအကျဉ်းသားတချို့မှာ အာရုံကြောဆိုင်ရာ ရောဂါ ခံစားရကာ ခြေထောက်များ လှုပ်မရတော့ဘဲ မသန်စွမ်းဖြစ်‌‌သွားရသည်အထိ ဖြစ်သွားရသည်များ ရှိကြောင်း သိရှိရသည်။

အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်သည့် အဖြစ်အပျက်များနှင့် သတင်းများထွက်လာခဲ့လျှင် ထောင်အာဏာပိုင်များက ပြည်ထဲရေးဝန်ကြီးဌာန အကျဥ်းဦးစီးဌာနချုပ်သို့ တင်ပြရန် သရုပ်ပြဓာတ်ပုံရိုက်ခြင်း ၊ ကျန်းမာရေးဟောပြောပွဲ သဏ္ဍာန်သရုပ်ပြ လုပ်ဆောင်ဓာတ်ပုံရိုက်ခြင်းဖြင့်လည်း ဖြေရှင်းလေ့ရှိကြောင်း၊ ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိခြင်းနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိခြင်းများသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်ခြင်းသာမက နိုင်ငံတကာ လူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းများကိုလည်း ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကျူးလွန်‌နေခြင်းဖြစ်ကြောင်း PPNM က ထောက်ပြထားသည်။

ထိုသို့ ချိုးဖောက်မှုများ ကျူးလွန်နေသည့် မော်လိုက် ကလေးအကျဉ်းထောင်မှ ထောင်အာဏာပိုင်များ၏ လုပ်ရပ်များကို PPNM အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး နိုင်ငံရေးအကျဥ်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်အရေးပေါ် ဆေးကုသခွင့်ကို မည့်သည့် အကြောင်းအရင်းမျှဖြင့် ပိတ်ပင်တားဆီးရှိခြင်းများကို ရပ်တန့် စေလိုကြောင်း၊ PPNM၏ စာရင်းများအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ယခုနှစ် ၂၀၂၅ခုနှစ် ၊ အောက်တိုဘာလအထိ အကျဉ်းထောင်အသီးသီးတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှုနှင့် အရေးပေါ်ဆေးကုသခွင့် မရရှိမှုများကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၂၈ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article