ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အောင်လံမြို့နယ်၊ ရွှေပန်းတော ရဲစခန်းတွင် ရှိသော အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် မနွဲ့ကြည် ပေါင်ကို လက်နက်ကြီး အစထိမှန်ကာ သွေးထွက်လွန်ပြီးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အောင်လံမြို့နယ် ရွှေပန်းတောရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ခွေးတွေက မကွေးတိုင်းနဲ့ ပဲခူးတိုင်း အစပ်ကို လက်နက်ကြီးတွေနဲ့ အချက်ရေ ၂၀ လောက် ပစ်ခတ်တာ အဲတာ လက်နက်ကြီးကျည်က ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးကျေးရွာကို ကျရောက် ပေါက်ကွဲပြီး အသက် ၄၅ နှစ်အရွယ် မနွဲ့ကြည် ပေါင်ကို လက်နက်ကြီးကျည်စ ၂ ချက်ထိမှန်ပြီး သွေးထွက်လွန် သေဆုံးသွားတာပါ။ သူကတော့ တောထဲကပြန်လာပြီး ခြေထောက်ဆေးနေချိန် ဖြစ်သွားတာလို့သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
သေဆုံးသွားသော မနွဲ့ကြည်တွင် အသက် ၇ နှစ်နှင့် ၁၁ နှစ် အရွယ် ကလေးငယ် ၂ ဦး ကျန်ရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် သည် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေ၍ ကျေးရွာနေပြည်သူများသည် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ မူးမြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရေလဲကျေးရွာအတွင်းကို ဒရုန်းဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်း နေထိုင်သော အသက် ၈၇ နှစ်အရွယ် စောကွဲနီ ၊ အသက် ၁၄ နှစ်အရွယ် စောဖိုးထက်ကိုကိုနှင့် အသက် ၂၃ နှစ်အရွယ် နော်ဆဲနေဖောဂေ တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





