30 C
Yangon

မြန်မာစစ်တပ် ကျင်းပမည့်ရွေးကောက်ပွဲကို အာဆီယံက ပြတ်ပြတ်သားသား ငြင်းပယ်ရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ ၃၀၈ ခုက တောင်းဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာစစ်တပ်က လာမည့် ဒီဇင်ဘာလတွင် စတင် ကျင်းပမည့်ရွေးကောက်ပွဲကို အာဆီယံက ပြတ်ပြတ်သားသား ငြင်းပယ်ရန် ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့ ၃၀၈ ခုက တောင်းဆိုလိုက်သည်။

အာဆီယံနိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့များက ယမန်နေ့ ထိုသို့ တောင်းဆိုလိုက်ကြခြင်းဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ မလေးရှားထံသို့ တိုက်ရိုက် တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း၊ “မြန်မာစစ်အုပ်စုရဲ့ အတု အယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ထင်ထင်ရှားရှား တိတိပပ ငြင်းပယ်ပါ။ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ပေးပို့တာ ဒါမှမဟုတ် နည်းပညာပိုင်း၊ နိုင်ငံရေး အထောက်အပံ့ပေးတာတွေ အားလုံးကို ငြင်းဆိုပါ” ဟု ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့များ၏ တောင်းဆိုချက်တွင် ရေးသားထား သည်။

အာဆီယံခေါင်းဆောင်များ အနေဖြင့် မြန်မာပြည်သူလူထုနှင့်အတူ တရားဝင် ဒီမိုကရက်တစ် ကိုယ်စားလှယ်များအပေါ် သံတူညီညွတ်စွာ သွေး စည်းညီညွတ်စွာ ရပ်တည် ထောက်ခံမှု ပြသပေးရန် ၊ အာဆီယံခေါင်းဆောင်များအနေဖြင့် ထိုသို့ လုပ်ဆောင်ပေးခြင်းမရှိပါက မြန်မာနိုင်ငံသားများကို သစ္စာဖောက်ခြင်းဖြစ်ပြီး အာဆီယံဒေသ အရပ်ဘက်အဖွဲ့အစည်းများမှလည်း ယုံကြည်မှု နည်းသွားမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အကြမ်းဖက်အုပ်ချုပ်မှုအတွက် တရားဝင်မှုရရှိစေရန် လှည့်စားထားသော ပရိယာယ်တစ်ခုသာဖြစ်ကြောင်းလည်း ပြောသည်။

စစ်မှန်သော ရွေးကောက်ပွဲတစ်ခုသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဖိနှိပ်မှုများကြားတွင် ကျင်းပ၍မရကြောင်းနှင့် စစ်ကောင်စီသည် အရပ်သား ၇၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂၉၀၀၀ ကျော်ကို မတရားဖမ်းဆီးခဲ့ကာ ပြည်သူ ၃ ဒသမ ၅ သန်းကျော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ ဖော်ပြခဲ့သည့်အတိုင်း ရွေးကောက်ပွဲသည် ရွေးကောက်ပွဲမဟုတ်ဘဲ “လိမ်လည်မှု” ဖြစ် ကြောင်းနှင့် အမှန်တကယ်တွင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နှင့်လည်း သက်ဆိုင်ခြင်းမရှိဘဲ သွေဖယ်နေကြောင်း ထောက်ပြထားသည်။

ဓာတ်ပုံ- ယနေ့ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article