ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park တွင် ၃ ရက်ဆက်တိုက် ယမန်နေ့ညပိုင်း ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားကြောင်း နယ်စပ်ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်မှစတင်၍ KK Park အတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ည ပေါက်ကွဲမှုမှာ ၃ ရက်မြောက်ပေါက်ကွဲမှုဖြစ်ကြောင်း၊ KK Park ပေါ်တွင် ဒရုန်းတချို့ ပျံသန်းမှုကိုလည်း မြင်တွေ့ရကြောင်း နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။
” KK Park ထဲမှာ ကျားဖြန့်နေရာတွင် လူတွေကို ထောင်လို ချုပ်တဲ့နေရာတွေ တရုတ်နဲ့ နိုင်ငံခြားသားတွေကို နှိပ်စက်တဲ့ အမှောင်ခန်းတွေ မြေအောက်ခန်းတွေကို BGF က မိုင်းထောင်ဖောက်ခွဲတာ ဆိုပြီး KK Park ထဲမှာ လုပ်ဖူးသူတွေက ပြောနေကြတယ်။ သက်သေတွေ ဖျောက်ဖျက်တဲ့သဘောပေါ့။ တကယ်အတိအကျကတော့ သိနိုင်ဖို့ ခက်ခဲတယ်။ သေချာတာကတော့ KK Park ကို အခုအချိန်အထိ လုံခြုံရေးယူထားတာက BGF ပဲ။ စစ်တပ်ဆိုတာတောင် အယောင်ပြပဲ။ BGF က အကုန်ထိန်းချုပ်ထားတာပါ” ဟု နယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၂၂ ရက်နေ့နှင့် အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်ပြီး KK Park အတွင်းမှ ကျားဖြန့်လုပ်ကိုင်နေသူများကို BGF နှင်ထုတ်ခဲ့ပြီး အရေးကြီးသော ကျားဖြန့် တရုတ်သူဌေးများကို BGF က ခေါ်ထုတ်ကာ ရွှေက္ကိုလ်၊ BGF ဧည့်ရိပ်သာများတွင် ခိုလှုံခွင့်ပေးထားကြောင်း နယ်စပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ အချိန်အထိ KK Park မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ သို့ ထွက်ပြေးရောက်ရှိလာသော စုစုပေါင်း ၁၂၃၃ ဦးရှိနေပြီး ထိုင်းအာဏာပိုင်များက စိစစ်မှုများ လုပ်ဆောင်ကာ ယာယီခိုလှုံရေးစခန်းများတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
Photo Credit- The Reporters ။




