ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ KK Park တွင် ယနေ့ ညနေပိုင်း ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့ပြီး BGF က အမှောင်ချထားကာ ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း နယ်စပ်ဒေသသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ ည နေ ၅ နာရီကျော်ခန့်တွင် မြ၀တီမြို့နယ်၊ KK Park အတွင်း ပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားပြီးနောက် မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို တွေ့မြင်ရကြောင်း၊ အဆိုပါ KK Park အတွင်း ကျားဖြန့် လုပ်ကိုင်သူများ ထွက်ခွာသွားပြီးနောက် BGF က နေ့စဉ် ဖောက်ခွဲမှုများ လုပ်ဆောင်ကာ ရှင်းလင်းရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့ ညပိုင်းတွင်လည်း BGF က KK Park တစ်ခုလုံးကို အမှောင်ချထားကာ ရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
“ဒီနေ့ ညနေပိုင်းလည်း KK Park ထဲမှာ ဆက်တိုက်ကို ပေါက်ကွဲမှုတွေဖြစ်နေတယ်။ BGF က ကျားဖြန့် ကိစ္စနဲ့ ပတ်သက်ဟာတွေကို ရှင်းလင်းရေး လုပ်ဆောင်နေတာလို့တော့ ယူဆရတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးတွေ ထွက်လာတာကို မြင်နေရတယ်။ ပေါက်ကွဲအားကတော်တော်ပြင်းတယ်။ ထိုင်းဘက်ကမ်းက အိမ်ကိုပါ ဗုံးစလာထိတယ်။ ခေါင်မိုးပေါက်သွားတယ်။ အခုညပိုင်း အထိ KK Park ထဲ မီးတွေပိတ်ထားတယ်။ အကုန်အမှောင်ချထားတယ်။ သူတို့ဘာသာ ရုပ်ရှင် ရိုက်နေတာလားတော့ မသိဘူး။ အရင်ရက်တွေဆိုရင် ညပိုင်းမှ ပေါက်ကွဲမှုဖြစ်တယ်။ ဒီနေ့ကပိတ်ရက်လည်းဖြစ်တော့ ညနေပိုင်းလည်းဖြစ်တော့ လူတွေပိုမြင်ရတယ်။ ထိုင်းဘက်ခြမ်းကတော့ နယ်စပ်လုံခြုံရေးမှာ အစစ်ဆေးတင်းကြပ်ထားတုန်းပဲ” ဟု နယ်စပ်ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း KK Park အတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာလ ၂၂ ရက်နေ့နှင့် အောက်တိုဘာလ ၂၃ ရက်နေ့မှစတင်ပြီး KK Park အတွင်းမှ ကျားဖြန့်လုပ်ကိုင်နေသူများကို BGF နှင်ထုတ်ခဲ့ပြီး အရေးကြီးသော ကျားဖြန့် တရုတ်သူဌေးများကို BGF က ခေါ်ထုတ်ကာ ရွှေက္ကိုလ်၊ BGF ဧည့်ရိပ်သာများတွင် ခိုလှုံခွင့်ပေးထားကြောင်း နယ်စပ်သတင်းရင်းမြစ်များက ပြောဆိုသည်။
ယနေ့ အချိန်အထိ KK Park မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ သို့ ထွက်ပြေးရောက်ရှိလာသော စုစုပေါင်း ၁၂၃၃ ဦးရှိနေပြီး ထိုင်းအာဏာပိုင်များက စိစစ်မှုများ လုပ်ဆောင်ကာ ယာယီခိုလှုံရေး စခန်းများတွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။






