ရန်ကုန်၊ ဇူလိုင် ၂
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သောကျားသစ်နက်အဖွဲ့တို့ ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန် ကံကြီကျေးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ကြောင်း၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“သူတို့က ပုလဲမြို့ကနေ ကျွန်တော်တို့ ကံကြီးရွာဘက်ကို သေနတ်တွေ ပစ်ဖောက်ပြီး အင်အား ၉၀လောက်နဲ့လာတယ်။ ကျွန်တော်တို့ရွာသားတွေနဲ့ အနီးအနားကရွာသားတွေကြိုရှောင်နေကြရတယ်”ဟု ကံကြီးဒေသခံရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ကျားသစ်နက်အဖွဲ့ကမူ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်လျက်ရှိပြီး မိုင်းဆွဲမှုကြောင့် စစ်သား ၇ ဦးသေဆုံးသွားကြောင်း ပြောဆိုသည်။
“ကျနော်တို့ ပြည်သူတွေကို လက်နက်နဲ့အကြောက်တရားရအောင် သေနပ်ပစ်ဖောက်ဝင်လာတာကိုက ပြည်သူကိုစော်ကားလိုက်တာပဲ။ အဲဒါကြောင့် ကျားသစ်နက်အဖွဲ့အနေနဲ့ အရေးပေါ် သူတို့လာတဲ့လမ်းကို ပဒေသာမိုင်းထောင်ပြီး ကြိုတင်စောင့်တိုက်ခိုက်ခဲ့တယ်။ မိုင်းကနှစ်နေရာဆွဲတိုက်ခိုက်တယ်။ စစ်ခွေး၇ကောင်သေတယ်” ဟု ကျားသစ်နက်တာဝန်ခံ ကိုဥက္ကာက ပြောသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာ မြောက်ဖက်ထိပ် ဗျူဟာလမ်း အနောက်ခြမ်းတွင် ကင်းပုန်း ၀ပ်နေသော စစ်ကောင်စီတပ်သား သုံးဦးကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးလုံး သေဆုံးသွားကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။
သံတောင်မြောက်ပိုင်း အထူးဒေသ ဥက္ကဌဟောင်း ဦးကိုကြီး၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သံတောင်မြောက်ပိုင်းကာကွယ်ရေး တပ်ဖွဲ့ (NTDF)၊ တပ်ရင်းအမှတ် ၈၀၁ နေပြည်တော် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(NPT 8001)၊ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့တပ်ဖွဲ့(YPDF) တို့က ကင်းသမား စစ်သား ၃ ဦးကို ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခဲ့မှ ၃ ဦးလုံး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးကျေးရွာမှ အနောက်ဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို ဇွန်လ ၃၀ ရက်နေ့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ လက်လုပ်လက်နက်ကြီးများအသုံးပြု၍ ခုခံကာကွယ်ရာ စစ်သား ၁ ဦး သေဆုံးသွားကြောင်း ၊ PDF တပ်စခန်း ၂ ခု ဖျက်ဆီးခံလိုက်ရကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပုလဲမြို့မှ ပြည်သူ့ကာကွယ်ရေးတပ် ကျားသစ်နက်အဖွဲ့။