မန္တလေးတိုင်း၊ ပြင်ဦးလွင်မှ ပျူစောထီးခေါင်းဆောင် နေဇင်လတ်ကို ပုသိမ်ကြီးမြို့နယ်တွင် ဘိန်းဖြူများ၊ပစ္စတိုသေနတ် ၁ လက်နှင့်အတူ ဖမ်း ဆီးရရှိကြောင်း သိရှိရသည်။
ဘိန်းဖြူနှင့်လက်နက်များ ဖမးဆီးရရှိသော နေဇင်လတ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ခ) ပြည်သူ့စစ် ခေါင်းဆောင်ဖြစ်ပြီး ပြင်ဦးလွင်မြို့နယ်၊ ပဒေသာမြို့သစ်ရပ်ကွက်ကြီး ၈ မှ ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာအနီး ပျူစောထီးခေါင်းဆောင် နေဇင်လတ် မောင်းနှင်လာသည့် MITSUBISHI OUTLANDER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၉၄ ကီလို(ကာလ ပေါက်ဈေးတန်ဖိုး ငွေကျပ် ၁,၄၈၅ သိန်း)၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ရဲကျော်(ခ)ကိုရဲကို ချမ်းအေးသာစံမြို့နယ်၊ စမွန်းရပ်ကွက်တွင် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ပျူစောထီးခေါင်းဆောင် အသက် ၄၈ နှစ်အရွယ် နေဇင်လတ်နှင့် အသက် ၃၂ နှစ်အရွယ် ရဲကျော်(ခ)ကိုရဲ(၃၂)နှစ်တို့ကို အုန်းချောနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။




