မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ပျူစောထီးခေါင်းဆောင် အောင်ခန့်မှာ အချင်းချင်း ပြန်လည် ပစ်ခတ်လုပ်ကြံခံရသဖြင့် သေဆုံးသွားခဲ့သော်လည်း လက်သည်တရားခံကို မဖော်ထုတ်နိုင်သဖြင့် သတ်ဖြတ်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ အသက် ၃၅ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် အောင်ခန့်မှ ပြင်ပတွင် သွားလာရင်း ပျောက်ဆုံးသွားခဲ့ရာမှ အလောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း၊ အလောင်းတွင် နှိပ်စက်ဒဏ်ရာအပြည့်ဖြင့် ပြန်လည် တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ လုပ်ကြံမှုမှာ မန္တလေးမြို့ပေါ်ရှိ အခြားမြို့နယ်များမှ ပြည်သူ့စစ်(ခ) ပျူစောထီးများ၏ လက်ချက်မှန်း သိရှိသော်လည်း သက်သေ မရှိခြင်းနှင့် လက်သည်တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိ၍ သတ်ဖြတ်သွားသူများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရှိရသည်။
“သူက ပုသိမ်ကြီးမြို့နယ်ကိုကျော်ပြီးတော့ ပေါ်တာဆွဲတာ။ ဆက်ကြေးတောင်းတာ။ အခြားမြို့နယ်ထဲမှာ သွားပြီး လူအင်အားနဲ့ အကြွေး မိုက်ကြေးခွဲတောင်းတာတွေလုပ်တယ်။ အရပ်စကားနဲ့ပြောရင် ဂွင်ကျော်လုပ်တာတွေ များနေတာ။ အဲဒီတော့ အခြားမြို့နယ်ကပျူစောထီးတွေက မကြည်ကြဘူး။ အဲဒီမှာ အောက်တိုဘာလ ၂၇ ရက်နေ့မှာ သူပျောက်သွားပြီး သေဆုံးခဲ့တာပဲ။ ပျူစောထီး အချင်းချင်းလုပ်တာက သေချာတယ်။ ဒါပေမယ့် ဘယ်သူလက်ချက်မှန်း မသိတာ၊ သက်သေမရှိတာကြောင့် သတ်သွားသူတွေကို ဖမ်းမမိဘူး” ဟု ပုသိမ်ကြီးမြို့နယ်မှ ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။
ပုသိမ်ကြီးမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် အောင်ခန့် ဦးဆောင်သော ပျူစောထီးအဖွဲ့ အလွန်ဆိုးသွမ်းပြီး လူငယ်များကို စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ ပြည်သူလူထုအပေါ် အနိုင်ကျင့် နှိပ်စက်ခြင်းများလုပ်ဆောင်ကြောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်အတွင်း အမျိုးသမီး ၁ ဦးကို ကားဖြင့် တိုက်ပြီး ထွက်ပြေးခဲ့ရာမှ အမျိုးသမီးမှာ ကားအောက်တွင် ညပ်ပါသွားခဲ့ကြောင်း၊ သို့ရာတွင် ပုသိမ်ကြီး မြို့နယ် ပျူစောထီး အဖွဲ့က တာဝန် ယူ ဆေးရုံမပို့ဘဲ အမျိုးသမီးငယ်ကို လမ်းဘေးတွင် စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မန္တလေးမြို့ပေါ်တွင် မြို့နယ်အသီးသီးမှ ပျူစောထီးအဖွဲ့များမှာ မတည့်ကြဘဲ မိမိ၏ မြို့နယ်အတွင်း အခြားမြို့နယ်များမှ ပျူစောထီးများ ဝင်ရောက်လာပါက လိုက်လံစစ်ဆေးခြင်း၊ တားဆီးခြင်း၊ နယ်မြေမကျော်ရန် သတိပေးခြင်းများဖြင့် အပြိုင် အဆိုင် အင်အားပြိုင်ဆိုင်မှုများနှင့် အုပ်စုဖွဲ့မှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။






