စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဆားတောင်မြို့မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာ အရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး MA အမျိုးအစား သေနတ် ၂ လက်၊ RPG ဖူးနှင့် ၄၀ မမ ဗုံးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“ဆားတောင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ခွေး စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့တွေက လမ်းပိုင်းတနေရာမှာ စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁၀ ကောင်သေပြီးတော့ လက်နက်တွေလည်း သိမ်းဆည်းရရှိပါတယ်” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခို က်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြေပြင်လှုပ်ရှားအဖွဲ့ ဝက်လက်နယ် ၊ စစ်ကိုင်းနယ်မှ နယ်ခံ မဟာမိတ် ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍လည်း ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော စစ်သား၊ ရဲ ၊ ပျူစောထီးနှင့် စစ်တပ် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။





