22 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ယနေ့ ညပိုင်းတွင် သရဖီရွာကို မီးရှို့နေပြီး သောင်းနှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် သရဖီရွာကို မီးရှို့နေပြီး သောင်းနှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ရိုးကြီးရွာအနောက်ဘက်တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ပုသိမ်-မုံရွာ လမ်းပိုင်းကို ရောက်ရှိလာပြီးနောက် ယင်းနေ့ နံနက်အစောပိုင်းတွင် ချက်ကန်ရွာ စာသင်ကျောင်းကို စတင်ဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်သားများက ယင်းနေ့ နံနက်အစောပိုင်းမှ စတင်ပြီး ကျေးရွာအတွင်း ပြည်သူပိုင် နေအိမ် ၇ လုံးခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ချက်ကန်ရွာမှတဆင့် ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သရဖီရွာထဲ၌ တပ်စွဲထားပြီး ယနေ့ နံနက်ပိုင်းမှ စတင်၍ ညပိုင်းထိ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထို စစ်ကြောင်းသည် လက်ရှိချိန်ထိ သရဖီရွာထဲ၌ တပ်စွဲထားသောကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ထောင်စု ၃၀၀၀ ကျော် ပြည်သူ ၁၂၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များအတွင်း ထွတ်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“အဲစစ်ခွေးစစ်ကြောင်း နံနက်ပိုင်းက နေအိမ်တွေကို စရှို့နေတာ အခုညပိုင်းထိ ရှို့နေတယ်လို့ သိရတယ်။ ရွာထဲကနေ မီးခိုးတွေ ထွက်လာတာကို လှမ်းမြင်နေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မကွေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် ဝင်ရောက် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article