မကွေးတိုင်း၊ ကံမမြို့ ရေနံ့သာရဲစခန်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေ၍ သရက်-ကံမ လမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် သတိပေးလိုကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလပိုင်းမှ စတင်ပြီး ကံမမြို့ ရေနံ့သာရဲစခန်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ကလည်း အင်အားအများအပြားဖြည့်တင်းလာသောကြောင့် သရက်-ကံမ လမ်းပိုင်းတွင် စစ်ရေးတင်းမာနေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ရေးတင်းမာနေသောကြောင့် အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သော ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ၍ ထိခိုက်ဒဏ်ရာရရှိသော ပြည်သူများလည်းရှိကြောင်း သိရှိရသည်။
” ကျနော်တို့က သရက်-ကံမ လမ်းပိုင်းပေါ့။ အဲလမ်းပိုင်းကို စစ်ရေးအရ စိုးမိုးနိုင်ဖို့ ကြိုးစားနေတာပေါ့။ ကြိုးစားနေတဲ့အခါ ကျနော်တို့အဲမှာ ရေနံ့သာရဲစခန်းပေါ့။ ကျနော်တို့ ၁ ကြိမ်တိုက်ခဲ့ပြီး မီးရှို့ခဲ့တဲ့ ရဲစခန်းပေါ့။ အဲမှာ သူတို့အနေနဲ့ ပြန်လည် ပြင်ဆင်ပြီးတော့ စခန်းချတာတွေရှိတယ်လေ။ အဲလမ်းပိုင်းမှာ အရေးပါတဲ့ ရေနံ့သာရဲစခန်းကို ကျနော်တို့ တိုက်ခိုက်တာရှိတယ်။ အဲအတွက် ခရီးသွားပြည်သူတွေ ဒေသပြည်သူတွေ ဒီလမ်းပိုင်းကို အသုံးပြုနေတော့ ထိခိုက်တာတွေ ဖြစ်မှာဆိုးလို့ ပိတ်ဖို့ ထုတ်ပြန်တာဖြစ်ပါတယ်။ တိုက်ပွဲကတော့ လောလောဆယ် မရှိသေးပေမယ့် စစ်ရေး အခြေအနေအရ တင်းမာနေတဲ့ အနေအထားရှိနေတယ်။ အခုလက်ရှိတော့ သရက်ကနေ အင်အားတချို့ သူတို့ တိုးလာတာရှိတယ်။ ဧရာဝတီမြစ် အတိုင်း အရပ်သားလှေငယ်တွေကို ငှားပြီးတော့ အင်အားတိုးလာတာမျိုးတွေရှိမယ်။ ကံမဘက်ကလည်း သူတို့ရှိတဲ့ အင်အားကို တိုးတာတွေရှိတာပေါ့။ ရေနံ့သာဘက်ကိုပေါ့” ဟု သရက်ခရိုင် အမှတ် ၄ တပ်ရင်း ၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ပြောဆိုသည်။
ထိုသို့ စစ်ရေးတင်းမာနေခြင်းကြောင့် သရက်-ကံမ လမ်းမကြီးကို အသုံးပြုသွားလာ နေကြသော ပြည်သူများအနေဖြင့် ယနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ သွားလာခြင်း မပြုပါရန်နှင့် နောက်ထပ် သွားလာခွင့်ကြေငြာချက် မထုတ်ပြန်မချင်း လုံးဝ အသုံးမပြုကြရန် သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ကြေညာထားခြင်းဖြစ်ကြောင်း သိရှိရသည်။
သို့သော် ကျန်းမာရေးကိစ္စများကြောင့် မဖြစ်မနေ အရေးတကြီး အသုံးပြုဖို့လိုအပ်လာပါက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့သို့ ဆက်သွယ် ချိတ်ဆက် သတင်းပို့ပြီး ခွင့်ပြု ချက်ရမှသာ ဖြတ်သန်းသွားလာရန် သရက်ခရိုင်အမှတ် ၄ တပ်ရင်းက မေတ္တာရပ်ခံထားသည်။




