စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြင်တော်ရွာ အပါအဝင် တောတဲများကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာများကို သေနတ်ပစ်ဖောက်၍ ဝင်ရောက်စီးနင်းနေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ဝက်လက်မြို့ထဲတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်သားများသည် ဝက်လက်-ရှိမ်းမကား လမ်းပိုင်းမှ ထွက်ခွာလာပြီး မြင်တော်ရွာကို လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စတင်ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်တော်ရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းသို့ မီးရှို့ဖျက်ဆီးပြီးချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့ပေါ်ကို ဝင်ရောက်သွားပြီး မန်းကျီးတုန်ရွာကို သေနတ်များ ပစ်ဖောက်ကာ ထပ်မံ ဝင်ရောက်စီးနင်းနေကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် လက်ရှိချိန်ထိ ပြန်လည် ထွက်ခွာခြင်းမရှိသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်သားများကိုလည်း ယနေ့ နံနက် ၉ နာရီခန့်တွင် ကဒူးရွာ အနောက်မြောက်ဘက်ရှိ တဲများကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်စီးသွားကြောင်း သိရှိရသည်။
“ဒီနေ့တော့ ဝက်လက်မြို့ပေါ်က ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်းက မြင်တော်ရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့တယ်။ နောက်ပြီး ရွာသာကြီးအထိုင်က စစ်ခွေးတွေကလည်း ကဒူးရွာ အနောက်မြောက်ဘက်က တဲတွေကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။
ထို့ပြင် နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အတွင်းရှိ မူးကြီးရွာ၊ တမာကုန်းရွာ၊ ရွာတော်ကန်းရွာ၊ တံတားဦးရွာနှင့် ထုံးဘိုရွာတို့ကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)




